စစ်တွေမြို့ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး မြို့ခံ ၄ ဦးကို ဖမ်းဆီး
2018.02.26

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က လက်လုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်တွေမြို့ခံ ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ မိသားစုဝင်တွေက ဒီနေ့ ပြောပါတယ်။
ခေါ်ယူထိန်းသိမ်းခံရတဲ့အထဲမှာ ပါဝင်တဲ့ ကိုနိုင်စိုးရဲ့ ညီမဖြစ်သူ မချစ်အိလှိုင်က အစ်ကိုဖြစ်သူကို နေအိမ်ကနေ လာရောက် ခေါ်ယူသွားတာဖြစ်တယ်လို့ ပြောပါတယ်။
"၆ နာရီ ၄၅ လောက်ကနေပြီးတော့ အမှတ်(၁) ရဲစခန်း စခန်းမှူးလို့တော့ပြောတာပဲ၊ ရဲတွေတော့ပါတယ်ပေါ့ အယောက် ၁ဝ ကျော်လောက်ပါမယ်ထင်တယ်၊ ကား ၂ စီးနဲ့လာခေါ်တာ၊ ကိုနိုင်စိုး အိမ်လားမသိဘူးတဲ့၊ အစ်ကိုကြီးက ဟုတ်ပါတယ်လို့ပြောတော့ ထမင်းစားနေရင်းတန်းလန်းပေါ့နော်၊ သူတို့ မေးမြန်းစရာရှိတယ်လို့တဲ့ ကိုနိုင်စိုး ကိုခေါ်ခိုင်းလို့ပေါ့နော်၊ အဲလိုမျိုးပြောတယ်ရှင့်၊ အစ်ကိုကြီးက အဲဒါဆို ခဏစောင့်ဆိုပြီးတော့ ထမင်းမစားဘဲနဲ့ ထသွားတာပဲရှင့်၊ ညီမတို့က နောက်ကလိုက်လာတယ်ဆိုတော့ သူ့ကိုအခန်းထဲခေါ်သွား ပြီးတော့ ညီမတို့ကို အထဲမဝင်ခိုင်းတော့ဘူးရှင့်၊ စစ်ကြောရေးလုပ်နေတယ်လို့တော့ ပြောတာပဲ"
မနေ့ကစတင်ကာ ဖမ်းဆီးတာတွေပြုလုပ်နေတာဖြစ်ပြီး အမှတ်(၁)ရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက စစ်တွေမြို့မှာဖြစ်ပွားခဲ့တဲ့ မိုင်းဖောက်ခွဲမှုနဲ့ ပတ်သက်ပြီး အခုလို စစ်ဆေးနေတာ ဖြစ်တယ်ဆိုတဲ့အကြောင်း မိသားစုဝင်တွေကို ပြောဆိုခဲ့တာလို့ ဆိုပါတယ်။
တာဝန်ကျ ရဲအရာရှိတွေဘက်ကတော့ ဖမ်းဆီးစစ်ဆေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး တရားဝင်ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။
ဖမ်းဆီးခံရတဲ့သူတွေဟာ စစ်တွေမြို့ လမ်းသစ်၊ ကန်တော်ကြီး၊ ဓညဝတီ ရပ်ကွက်တွေကဖြစ်ပြီး မနေ့က ၃ ဦးနဲ့ ဒီနေ့မနက်က ၁ ဦး ဖမ်းဆီးခံရတာပါ။
ဒါ့အပြင် ရဲတပ်ဖွဲ့က သူတို့ရဲ့နေအိမ်တွေကိုပါ ဝင်ရောက်ရှာဖွေတာတွေပြုလုပ်ခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့အထဲမှာပါဝင်တဲ့ ကိုနိုင်စိုးဟာ ရခိုင်ပြည်အမျိုးသားကောင်စီ ANC ရဲ့ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်နေသူ ဖြစ်ပါတယ်။
သူဟာ အသည်းရောင်ဝေဒနာခံစားနေရသူဖြစ်ပြီး သူ့ရဲ့ဇနီးဖြစ်သူ နေထိုင်ရာ ကျောက်တော်မြို့နယ် အပေါက် ဝကျေးရွာကနေ စစ်တွေမြို့ကိုဆေးခန်းပြဖို့လာရောက်ရာမှာ ဖမ်းဆီးခံရတာဖြစ်တယ်လို့ မိသားစုဝင်တွေ ကပြောပါတယ်။
ကိုနိုင်စိုးအပါအဝင် ၄ ဦးကို ရဲတပ်ဖွဲ့က ဒီနေ့နေ့လည်ပိုင်းမှာ စစ်တွေမြို့နယ်တရားရုံးမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ မတ်လ ၁၂ ရက်နေ့အထိ ချုပ်ရမန်ယူခဲ့တယ်လို့ သိရပါတယ်။