လက်လုပ်မိုင်းပေါက်ကွဲမှုနဲ့ ဖမ်းဆီးခံထားရသူ ၂ဦးကို ရမန်ယူ


2018.04.24
sittwe-court-622.jpg ရခိုင်ပြည်နယ် စစ်တွေမြို့နယ် တရားရုံးကို မြင်ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက  လက်လုပ်မိုင်းပေါက်ကွဲခဲ့တာနဲ့ပတ်သက်ပြီး ဖမ်းဆီးခံနေရ သူတွေထဲက နှစ်ဦးကို  မြောက်ဦးမြို့နယ်က အခြားပေါက်ကွဲမှုဖြစ်စဉ်တွေနဲ့ ခေါင်းစဉ်ပြောင်းပြီး  စစ်တွေပေါက်ကွဲမှုဖြစ်စဉ်တွေနဲ့ ခေါင်းစဉ်ပြောင်းပြီး စစ်တွေမြို့နယ်တရားရုံးမှာ ဒီနေ့ရမန်ယူခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

စစ်တွေမြို့က ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ရမန်ယူတာကို တရားရုံးက ပြီးခဲ့တဲ့လက ပယ်ချခဲ့တာကြောင့် အခြားခေါင်းစဉ် ကိုပြောင်းပြီး ရဲက ဖမ်းဆီးထားတာဖြစ်တယ်လို့ ဖမ်းဆီးခံနေရတဲ့ ဦးမောင်အေးဝင်းရဲ့ဇနီး ဒေါ်အေးအေးအောင် က ပြောပါတယ်။

ပထမအကြိမ်ရမန်ကို မြောက်ဦးမြို့နယ်တရားရုံးမှာ ယူခဲ့တာကြောင့် ဒီနေ့ရုံးထုတ်ရမန်ယူမယ့်နေ့ မှာ မြောက်ဦးမြို့နယ်တရားရုံးကို မိသားစုတွေသွားရောက်ခဲ့ကြပေမယ့် စစ်တွေမြို့နယ်တရားရုံးမှာ ပြောင်းလဲပြီး ရမန်ယူခဲ့တယ်လို့ ပြောပါတယ်။

စစ်တွေမြို့မှာ လက်လုပ်မိုင်းပေါက်ကွဲတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က စစ်တွေမြို့ခံ ၉ ဦးလောက်ကို ဖမ်းဆီး ခဲ့ပြီးနောက် တစ်လအကြာ ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့မှာ ထပ်မံရမန်ယူခွင့်ကို စစ်တွေမြို့နယ်တရားရုံးက ပယ်ချခဲ့သလို လူ ၅ ဦးကို ရဲက အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

လွှတ်မပေးဘဲ ကျန်ရှိနေသူတွေထဲက နှစ်ဦးကို ပြီးခဲ့တဲ့နှစ်က မြောက်ဦးမြို့နယ် စစ်တွေ-ရန်ကုန် ကားလမ်းမတွေ မှာ လက်လုပ်မိုင်းပေါက်ကွဲမှုနဲ့ ရဲက ဆက်လက်ဖမ်းဆီးထားတာဖြစ်ပါတယ်။

အဲဒီအမှုကို စီအိုင်ဒီက အဓိကတာဝန်ယူစစ်ဆေးနေတယ်လို့လည်းသိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။