စစ်တွေပေါက်ကွဲမှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူ ၈ ဦး အထိ ရှိလာ
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လက်လုပ်မိုင်း ပေါက်ကွဲမှုနဲ့ ဆက်နွယ်ပြီး အရပ်သားတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေရာမှာ ဒီနေ့အထိ ဖမ်းဆီးခံထားရသူ ၈ ဦးရှိနေပြီဖြစ်ပါတယ်။
-
2018-02-28 -
-
-
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လက်လုပ်မိုင်းပေါက်ကွဲမှုနဲ့ ဆက်နွယ်ပြီး အရပ်သားတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေရာမှာ ဒီနေ့အထိ ဖမ်းဆီးခံထားရသူ ၈ ဦး ရှိနေပြီ ဖြစ်ပါတယ်။
မနေ့ကအထိ ဖမ်းဆီးခံထားရသူ ၇ ဦးရှိခဲ့ပြီး ဒီနေ့မှာ မင်းဂံရပ်ကွက်မှာ နေထိုင်သူ ကိုသက်စိုးပိုင် ဆိုသူကို ထပ်မံ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ ဒီနေ့မနက်မှာ နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်ခံရတာလို့ ကိုသက်စိုးပိုင် က ပြောပါတယ်။
"ဘာကြောင့်ခေါ်တာလဲဆိုတာ ကျနော်လည်း အတိအကျ မသိရသေးပါဘူး၊ ဒီကခေါ်လာတော့ ခဏလေး လိုက်လာပါ စစ်ဆေးစရာလေးရှိလို့ ဒီမှာခဏလိုက်လာတာပါ၊ ဘာမှကိုနားမလည်ပါဘူး၊ လူမှားပြီးခေါ်တယ်လို့ ထင်တာပါပဲ၊ ကျနော်က ဘာမှကိုလုပ်ထားတာမှမရှိတာ"
ကိုသက်ပိုင်စိုးကို ဒီနေ့ ညနေပိုင်းအထိ အမှတ်(၁) မြို့မရဲစခန်းထဲမှာ ထိန်းသိမ်းထားပြီး သူ့ကိုဘာအတွက်ကြောင့် အခုလိုထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မနက်ပိုင်းက စစ်တွေမြို့မှာ လက်လုပ်မိုင်း ၃ လုံးပေါက်ကွဲခဲ့တာနဲ့ ဆက်နွယ်ပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ စစ်တွေမြို့မှာရှိတဲ့ သံသယရှိတဲ့အရပ်သားတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်နေတာပါ။
ဖမ်းဆီးခံထားရသူတွေရဲ့မိသားစုဝင်တွေဟာ စစ်တွေမြို့ အမှတ်(၁)ရဲစခန်းမှာ တွေ့ဆုံခွင့်ရဖို့ အကြိမ်ကြိမ် ကြိုးစားပေမယ့် ရဲအရာရှိတွေက စစ်ဆေးနေဆဲကာလဖြစ်တာကြောင့် တွေ့ဆုံခွင့်မပေးနိုင်ကြောင်း ပြန်လည် ပြောဆိုခဲ့တယ်လို့ မိသားစုဝင်တွေကပြောကြပါတယ်။
ဖမ်းဆီးစစ်ဆေးခံနေရသူတွေထဲမှာပါဝင်တဲ့ ဦးနိုင်စိုးဟာ ရခိုင်ပြည်အမျိုးသားကောင်စီ ANC ရဲ့ ဗဟို အလုပ်အမှု ဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဦးနိုင်စိုးဟာ မတရားဖမ်းဆီးခံနေရတာဖြစ်တဲ့အတွက် အမြန်ဆုံးပြန်လွှတ်ပေးဖို့ ရခိုင်ပြည်အမျိုးသားကောင်စီ ANC က မနေ့က တောင်းဆိုထားပါတယ်။