မြန်မာအလုပ်သမားခေါ်ယူမှု သတိပြုဖို့ စင်ကာပူ ထုတ်ပြန်

မြန်မာနိုင်ငံက အလုပ်သမား ခေါ်ယူမှုတွေနဲ့ပတ်သက်ပြီး အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေအနေနဲ့ သတိပြုကြဖို့ စင်ကာပူ လူ့စွမ်းအားဝန်ကြီးဌာနက အကြံပြုစာ ထုတ်ပြန်လိုက်ပါတယ်။

စင်ကာပူနိုင်ငံရှိ Marina Bay ရှေ့တစ်နေရာကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့က တွေ့ရစဉ်။ AFP/ Roslan RAHMAN Photo

မြန်မာနိုင်ငံက အလုပ်သမား ခေါ်ယူမှုတွေနဲ့ပတ်သက်ပြီး အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေအနေနဲ့ သတိပြုကြဖို့ စင်ကာပူ လူ့စွမ်းအားဝန်ကြီးဌာနက ဖေဖော်ဝါရီ ၄ ရက်နေ့က အကြံပြုစာ ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာထားတာ၊ မြို့နယ်အများအပြားဟာ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့အတိုင်း ဆက်ရှိနေတာနဲ့ မြန်မာနိုင်ငံမှာ ခရီးသွားလာခွင့် တင်းကျပ်တာတွေ ရှိနေတာကြောင့် အခုလိုအကြံပြုလိုက်တာ ဖြစ်ပါတယ်။

အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေအနေနဲ့ အလုပ်သမား စေလွှတ်တဲ့နိုင်ငံတွေရဲ့ အခြေအနေကို မျက်ခြေမပြတ်ဖို့နဲ့ ခရီးသွားလာမှု ခက်ခဲတဲ့အခြေအနေအပေါ် အလုပ်သမားခေါ်ယူတဲ့ အလုပ်ရှင်တွေကို အသိပေးဖို့လည်း အကြံပြုထားပါတယ်။

စင်ကာပူ အလုပ်အကိုင်ရရှိရေး ဝန်ဆောင်မှု အလုပ်အကိုင်ပေးနေသူ တစ်ဦးကတော့ ဒီထုတ်ပြန်ချက်ဟာ မြန်မာနိုင်ငံရဲ့ အခြေအနေကြောင့် အလုပ်သမားခေါ်ရင် သတိပြုစဉ်းစားဖို့ အကြုံပြုတဲ့သဘော ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“အခုအနေအထားက မြန်မာဘက်က အလုပ်သမားတွေကို ပေးမထွက်တာတွေ တကယ်ကြုံနေရတော့ အေးဂျင့်တွေနဲ့ အလုပ်ရှင်တွေ ပိုအလုပ်ရှုပ်စေတာကြောင့် မြန်မာက ခေါ်မယ်ဆို ဒီအခြေအနေရှိတာကို သေချာစဉ်းစားခေါ်ကြဖို့ အကြံပြုတဲ့သဘောပါ”

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက် စီးပွားရေး ကျဆင်းတာ၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလာတာနဲ့ စစ်မှုထမ်း ဥပဒေတွေကြောင့် ပြည်ပထွက် အလုပ်လုပ်ကိုင်ဖို့ ကြိုးစားတာတွေ ပိုများလာနေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ပြည်သူ့စစ်မှုထမ်း နည်းဥပဒေကို စစ်ကောင်စီက ထုတ်ပြန်ပြီးနောက် နှစ်နိုင်ငံ သဘောတူညီမှု အလုပ်အကိုင်စာချုပ် (MoU) နဲ့ ပြည်ပနိုင်ငံတွေမှာ အလုပ်သွားလုပ်မဲ့ စစ်မှုထမ်း အကျုံးဝင် အမျိုးသားတွေကို စစ်ကောင်စီက ပြည်ပထွက်ခွင့် ရပ်ဆိုင်းလိုက်ပြီလို့လည်း အလုပ်အကိုင် အေဂျင်စီတွေက ပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org