စင်္ကာပူက မြန်မာအစိုးရကို ကူညီမည်

ကုန်သွယ်ရေး၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနဲ့ မြို့ပြစီမံခန့်ခွဲမှု ကဏ္ဍတွေမှာ မြန်မာနိုင်ငံကို နည်းပညာ အကူအညီပေးဖို့ မြန်မာနဲ့ စင်္ကာပူ နှစ်နိုင်ငံခေါင်းဆောင်တွေ ဒီကနေ့ သဘောတူခဲ့ကြပါတယ်။

သမ္မတ ဦးသိန်းစိန် (ယာ) နှင့် စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လုံး (ဝဲ)တို့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့က စင်္ကာပူနိုင်ငံတွင် တွေ့ဆုံဆွေးနွေးနေစဉ်။ AFP PHOTO/ROSLAN RAHMAN

သမ္မတ ဦးသိန်းစိန်၊ ဇနီး ဒေါ်ခင်ခင်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအဝင် အစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့က စင်္ကာပူနိုင်ငံကို ရောက်ရှိခဲ့တာပါ။ ဒီကနေ့ ကျင်းပတဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကေ ရှန်မူဂမ်တို့က လက်မှတ် ရေးထိုးခဲ့ပါတယ်။

လေ့လာသူတွေ အဆိုအရ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ ရောက်နေပြီ ဖြစ်ပြီး အနောက်နိုင်ငံတွေကလည်း စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ ခြေလှမ်းပြင်နေတဲ့ အချိန်မှာပဲ မြန်မာအစိုးရဟာ ဘဏ်လုပ်ငန်းတွေနဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းတွေမှာ ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန် မြှင့်လာနေပြီလို့ ပြောကြပါတယ်။

မြန်မာအစိုးရဟာ လာမယ့် ၂၀၁၄ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူမှာဖြစ်တဲ့အတွက် အာဆီယံအဖွဲ့ဆိုင်ရာ ညီလာခံ လုပ်ထုံးလုပ်နည်းတွေမှာလည်း စင်္ကာပူအစိုးရက ကူညီမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org