အသံတိတ်သပိတ်မှာ ပါဝင်လို့ မန္တလေးကျောက်ဝိုင်းက ဆိုင်ခန်းရှစ်ဆယ်ကျော် ပိတ်သိမ်းခံရ

ဖေဖော်ဝါရီ ၂ ရက်မှာ ဆိုင်ခန်းပိုင်ရှင်တွေကို စစ်ကောင်စီတာဝန်ရှိသူတချို့က ခေါ်တွေ့ပြီး ဆိုင်ခန်း ခြောက်လ ပိတ်သိမ်းဖို့ ပြောဆိုခဲ့တာလို့ ကျောက်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

မန္တလေး ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းအား ၂၀၂၀ ပြည့်နှစ်အတွင်းက တွေ့ရစဉ်။ RFA

စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ ၁ ရက်က ပြုလုပ်ခဲ့တဲ့ အသံတိတ်သပိတ်မှာ ပါဝင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် ကျောက်ဝိုင်းက ဆိုင်ခန်းရှစ်ဆယ်ကျော်ကို စစ်ကောင်စီက ခြောက်လပိတ်သိမ်းခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂ ရက်မှာ ဆိုင်ခန်းပိုင်ရှင်တွေကို စစ်ကောင်စီတာဝန်ရှိသူတချို့က ခေါ်ယူတွေ့ဆုံပြီး ဆိုင်ခန်းကို ခြောက်လ ပိတ်သိမ်းဖို့ ပြောဆိုခဲ့တာလို့ ဒီအကြောင်းကိုသိတဲ့ ကျောက်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

"နောက်နောင် ဒါမျိုးမလုပ်ဖို့ ခံဝန်ထိုးခိုင်းပြီး ဆိုင်ခန်းကို ယာယီခြောက်လ ပိတ်လိုက်တာပေါ့။ အရေးယူတဲ့ သဘောပေါ့။ ဒီနေ့မှာမှ ဆိုင်ခန်းတွေ ပိတ်ရသလား ဘာလို့ ပိတ်ရတာလဲ ဆိုပြီး ပြဿနာရှာတာပေါ့"

ပိတ်သိမ်းခံရတဲ့ ဆိုင်ခန်းပိုင်ရှင်တွေထံကနေ ကျပ်သုံးသိန်းကနေ ကျပ်ခုနစ်သိန်းအထိ ဒဏ်ကြေးပေးဆောင်ရတယ်လို့ သူက ပြောပါတယ်။

ဆိုင်ပိတ်သိမ်း ခံလိုက်ရတဲ့ ဆိုင်ခန်းပိုင်ရှင် တစ်ဦးကလည်း စစ်ကောင်စီထောက်ခံသူတချို့က တိုင်ကြားခဲ့တာကြောင့် အခုလို ပိတ်သိမ်းခံလိုက်ရတာလို့ ပြောပါတယ်။

"ပြောရရင်တော့ အချင်းချင်း မနာလိုဘဲ ဆိုင်ပိတ်ထားတာကို ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ရိုက်ပြီး စစ်တပ်လော်ဘီအုပ်စုကို ပို့ပေးကြတာ။ အဲဒါကြောင့် ပြဿနာက ဒီလောက်ကြီးသွားတာပေါ့။ တကယ်ဆို စစ်တပ်က သိမှာတောင် မဟုတ်ဘူး။ တိုင်လို့ကို သိသွားတာ။ အဲဒီနေ့ကလည်း တချို့ဆိုင်တွေဆို ဖုန်းဆက်ခေါ်ပြီး ချက်ချင်း ဆိုင်လာဖွင့်ခိုင်းတာတွေလည်း ရှိပါတယ်"

ဒါနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

နိုင်ငံတစ်ဝန်း အသံတိတ်သပိတ်လုပ်တဲ့အချိန်မှာ ဆိုင်ခန်းတွေပိတ်သိမ်းခဲ့တဲ့ မဟာအောင်မြေမြို့နယ် ကျောက်ဝိုင်းက ဆိုင်ခန်းတွေကို အရေးယူဖို့ စစ်ကောင်စီကို အားပေးထောက်ခံနေတဲ့ တယ်လီဂရမ် အကောင့်တွေက ရေးသားဖော်ပြပြီးနောက် အခုလို အရေးယူမှုတွေ လုပ်လာတာပါ။

ကျောက်ဝိုင်းမှာ ကျောက်အရောင်းအဝယ်လုပ်ငန်းနဲ့ ကျောက်ဖြတ်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဆိုင်ခန်းပေါင်း တစ်ထောင်နီးပါး ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org