နစ်နာကြေးမပေးတဲ့ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံကို ILO ထံတိုင်မည်
တရုတ်နိုင်ငံသားပိုင် Hong Miao Garment အထည်ချုပ်စက်ရုံ အလုပ်သမား ၂၅၀ ကျော်ဟာ ILO ကို လက်မှတ်ထိုးတိုင်ကြားသွားမယ်လို့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး ကူညီဆောင်ရွက်သူတွေက ပြောပါတယ်။
-
RFA Burmese
2023-10-11 -
-
-
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်က တရုတ်နိုင်ငံသားပိုင် ဟွန်မြောင် (Hong Miao Garment) အထည်ချုပ်စက်ရုံ အလုပ်သမား ၂၅၀ ကျော်ဟာ စက်ရုံပိတ်သိမ်းမှု၊ အလုပ်ရပ်စဲမှုနဲ့ နစ်နာကြေး အပြည့်အဝ မရရှိတာကြောင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO ကို လက်မှတ်ထိုးတို င်ကြားသွားမယ်လို့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး ကူညီဆောင်ရွက်သူတွေက ပြောပါတယ်။
ဟွန်မြောင် Hong Miao Garment အထည်ချုပ်စက်ရုံထဲမှာပဲ နစ်နာကြေးအတွက် ခုနစ်ညအိပ်ရှစ်ရက်တောင်းဆိုခဲ့ပြီး ရှစ်ရက်မြောက်နေ့ အောက်တိုဘာလ ၉ ရက်နေ့မှာတော့ ရွှေပြည်သာအထွေထွေအုပ်ချုပ်ရေးရုံးမှာ အလုပ်ရှင်၊ အလုပ်သမား သုံးနာရီကြာ ညှိနှိုင်းဆွေးနွေးခဲ့တာပါ။
ဒါပေမဲ့ တောင်းဆိုမှု လေးခုစလုံး မရခဲ့တာကြောင့် ILO ကိုတိုင်ကြားဖို့ ဆုံးဖြတ်လိုက်တာလို့ နစ်နာမှုထဲမှာပါခဲ့တဲ့ အလုပ်သမား ကိုအောင်သက်ဖြိုးက RFA ကိုပြောပါတယ်။
"ကျွန်တော်တို့က အလုပ်သမားတွေအတွက် နစ်နာလို့ အလုပ်သမား အခွင့်အရေးအရ စုပေါင်း တောင်းဆိုတာပါ။ နိုင်ငံရေးအရ တောင်းဆိုနေတာလည်း မဟုတ်ဘူး။ မိုးထဲရေထဲမှာ ကျန်းမာရေး အထိခိုက်ခံ၊ အစာငတ်ခံ၊ ရေငတ်ခံပြီး စက်ရုံထဲ မိုးထဲရေထဲမှာ ခုနစ်ညအိပ်ပြီး ရှစ်ရက်လောက် တောင်းဆိုခဲ့တာ။ အခုရပ်ကွက်ရုံးမှာ အစိုးရဘက်ကရော အလုပ်ရှင်ဘက်ကရော လာတယ်။ ဘာတစ်ခုမှ သဘောတူညီချက် မရဘူး။ ဒါကြောင့် ILO ကိုပဲ တိုင်ကြားသွားတော့မှာပါ"
အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM) ကလည်း အလုပ်သမားတွေရဖို့ ကျန်နေသေးတဲ့ နစ်နာကြေး ငွေကြေးတွေရဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီး ILO ကို စုပေါင်းတောင်းဆိုသွားမယ်လို့ RFA ကိုပြောပါတယ်။
"ဒီစက်ရုံက သမဂ္ဂဖွဲ့ထားတယ်၊ စာချုပ်ချုပ်ထားတယ်လေ။ ဥပဒေပါအတိုင်း လုပ်ပေးတယ်ဆိုရင် အလုပ်သမားတွေက တောင်းဆိုနေမှာမဟုတ်ဘူး။ အလုပ်သမားတွေက ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်းနဲ့ ခုနှစ်ညအိပ်ပြီး တောင်းဆိုနေရတယ်ဆိုတာ ဥပဒေချိုးဖောက်ခံနေရလို့ တောင်းဆိုနေကြတာ။ နစ်နာလို့ တောင်းဆိုတာပါ။ အလုပ်ရှင်နဲ့အစိုးရက ဒီအပေါ်မှာ လေးစားမှုမရှိဘူး။ အလုပ်သမား အခွင့်အရေး တောင်းဆိုနေရတဲ့ ခုနစ်ရက်အတွင်းမှာ ထမင်းငတ်တာတွေ၊ ရေမသောက်ရတာတွေ၊ ဖျားတဲ့သူတွေ၊ မျက်စိနာတဲ့သူတွေလည်းရှိတယ်။ အလုပ်သမားနှစ်ယောက် ခိုးမှုနဲ့လည်း စွပ်စွဲခံခဲ့ရသေးတယ်"
ဟွန်မြောင် (Hong Miao Garment) အထည်ချုပ်စက်ရုံဘက်ကတော့ အလုပ်သမား နစ်နာကြေးနဲ့ ရပိုင်ခွင့်တွေကို ကြိုတင်အကြောင်းကြားမှု တစ်လပြည့်တဲ့ အောက်တိုဘာလ ၂၆ နေ့မှာ ပေးချေသွားမယ်လို့ အောက်တိုဘာလ ၃ နေ့က သတင်းထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၂၆ နေ့မှာ စက်ရုံကို အပြီးပိတ်သိမ်းခဲ့တဲ့ အဲဒီအထည်ချုပ်စက်ရုံဟာ ၂၀၂၂ ခုနှစ် မေလ ၃၀ နေ့က မှတ်ပုံတင်ထားပြီး စက်ရုံမှာ အမျိုးသား အလုပ်သမား ၃၆ ဦး၊ အမျိုးသမီး အလုပ်သမား ၃၃၈ ဦး၊ စုစုပေါင်း ၃၇၄ ဦးရှိပါတယ်။
စက်ရုံက လက်ခံထားတဲ့အထည်ထဲမှာ ဂျပန်နိုင်ငံအခြေစိုက် FIELDCORE အမှတ်တံဆိပ် ထုတ်ကုန်တွေလည်း ပါဝင်တယ်လို့ဆိုပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ရဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမားဦးရေ ၄၁ ရာခိုင်နှုန်းအထိ ရှိလာတယ်လို့ ဖော်ပြထားပါတယ်။
အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၂၉ ဒသမ ၅ ရာခိုင်နှုန်းသာ နစ်နာကြေး ရရှိကြပြီး အမျိုးသမီးတွေနဲ့ အသက် ၁၅ နဲ့ ၂၄ ကြား လူငယ်တွေကတော့ အမျိုးသားတွေနဲ့ ဝါရင့်အလုပ်သမားတွေထက် နစ်နာကြေးရရှိတာ ပိုနည်းတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်း အထည်ချုပ် လုပ်ငန်းရှင်အသင်းဝင် စက်ရုံ ၈၁၇ ခုရှိပြီး အဲဒီအထဲက ၅၄၆ ရုံက လည်ပတ်နေပေမဲ့ ကျန် ၂၇၁ ရုံက လည်ပတ်မှု ရပ်ဆိုင်းထားတယ်လို့ ဖော်ပြထားပါတယ်။
လည်ပတ်နေတဲ့ စက်ရုံ ၅၄၆ ခုထဲက စက်ရုံ ၃၁၁ ခုဟာ တရုတ်နိုင်ငံသားတွေပိုင်တဲ့ အထည်ချုပ်စက်ရုံတွေဖြစ်ပါတယ်။