ရွှေဘိုထောင်တွင်း ဆူပူမှုဖြစ်ပွား

နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ မပါလို့ဆိုပြီး စစ်ကိုင်းတိုင်း ရွှေဘိုအကျဉ်းထောင် မှာ မနေ့က ထောင်တွင်းဆူပူမှုဖြစ်ပွားခဲ့ပါတယ်။

ဆူပူမှုဖြစ်ခဲ့တဲ့ ရွှေဘိုအကျဉ်းထောင်ကို ၂၀၁၉ ဧပြီ ၂၃ ရက်နေ့က တိုင်းဝန်ကြီးချုပ် သွားရောက်ခဲ့စဉ် Photo: U Moe Kyaw Thu

နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ မပါလို့ဆိုပြီး စစ်ကိုင်းတိုင်း ရွှေဘိုအကျဉ်းထောင်မှာ မနေ့က ထောင်တွင်းဆူပူမှုဖြစ်ပွားခဲ့ပါတယ်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့က နိုင်ငံတော်သမ္မတအမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်သွားသူတွေထဲမှာ မပါလို့ဆိုပြီး အကျဉ်းသားတွေက သူတို့ကိုလည်း လွှတ်ပေးဖို့ မနေ့ကမနက် ၈ နာရီခွဲလောက်ကစပြီး အော်ဟစ်တောင်းဆိုကြတာလို့ ရွှေဘိုမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမိုးကျော်သူ က RFA ကိုပြောပါတယ်။

ရွှေဘိုအကျဉ်းထောင်ကနေ နှစ်ဆန်းတစ်ရက်နေ့က အကျဉ်းသား ၇၀၀ ကျော်ကို လွှတ်ပေးလိုက်တဲ့ အထဲမှာ မူးယစ်ဆေးဝါးမှုပုဒ်မ ၁၅ ၊ ၁၆ တွေနဲ့ လွတ်သွားသူတွေရှိခဲ့ပြီး မူးယစ်မှုနဲ့ ကျန်ခဲ့တဲ့အကျဉ်းသားတွေက ဆူပူမှုကို စတင်ခဲ့ကြတာလို့ ပြောပါတယ်။

တိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ သွားရောက်ဖြေရှင်းပေးခဲ့တယ်လို့လည်း သိရပါတယ်။

ဝန်ကြီးချုပ်က အကျဉ်းသားတွေရဲ့တင်ပြတောင်းဆိုချက်တွေကို နိုင်ငံတော်သမ္မတထံ ဆက်လက်တင်ပြပေးမယ်လို့ ပြောကြားခဲ့တဲ့အတွက် အကျဉ်းသားတွေက လက်ခံကျေနပ်ခဲ့ကြတယ်လို့ ဦးမိုးကျော်သူက ပြောပါတယ်။

ထောင်တွင်းဆူပူမှုမှာ ထိခိုက်ဒဏ်ရာမရှိဘဲ အခြေအနေ တည်ငြိမ်သွားတာလို့လည်း သိရပါတယ်။

ရွှေဘိုအကျဉ်းထောင်မှာ အကျဉ်းသား ၂၀၀၀ ကျော်ရှိပြီး မြန်မာနှစ်ဆန်းတစ်ရက်နေ့က အကျဉ်းသား ၇၂၀ ကို ပြန်လွှတ်ပေးလိုက်လို့ ၁၀၀၀ ကျော်လောက် ကျန်နေပြီး အများစုဟာ မူးယစ်ပုဒ်မတွေနဲ့ အကျဉ်းကျခံနေရ သူတွေဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org