ရွှေကျင်မြို့က ရပ်ကွက်နဲ့ရွာတချို့ကို ပြောင်းရွှေ့ခိုင်းနေကြောင်း ဒေသခံတွေပြော

ပဲခူးတိုင်းအရှေ့ခြမ်း၊ ရွှေကျင်မြို့နယ်က ရပ်ကွက်နဲ့ ရွာတချို့က ဒေသခံတွေကို စစ်ကောင်စီတပ် စစ်ကြောင်းတွေ ဝင်ရောက်လာမှာဖြစ်တာကြောင့် ပြောင်းရွှေ့ကြဖို့ စစ်ကောင်စီတပ်ဘက်က ပြောဆိုတာတွေရှိပါတယ်။

ရွှေကျင်မြို့အဝင် တစ်နေရာကို တွေ့ရစဉ်။ Photo: Citizen Journalist

ပဲခူးတိုင်းအရှေ့ခြမ်း၊ ရွှေကျင်မြို့နယ်က ရပ်ကွက်နဲ့ ရွာတချို့က ဒေသခံတွေကို စစ်ကောင်စီတပ် စစ်ကြောင်းတွေ ဝင်ရောက်လာမှာဖြစ်တာကြောင့် ပြောင်းရွှေ့ကြဖို့ စစ်ကောင်စီတပ်ဘက်က ပြောဆိုတာတွေရှိတယ်လို့ ရွှေကျင်မြို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ရွှေကျင်မြို့ပေါ်က ‌ကျွဲတဲ၊ ကျွဲတဲကွက်သစ်ရပ်ကွက်၊ ခြေတော်ရာ၊ အထက်မဲဇောင်းနဲ့ မင်းလမ်းရွာက ဒေသခံတွေကို ရွှေ့ပြောင်းပေးဖို့ စစ်ကောင်စီတပ်ဘက်က ပြောဆိုတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံသူတစ်ဦးက RFA ကို ပြောပါတယ်။

“သံဆိပ်၊ မင်းလမ်းကိုလည်း ၂၅ ရက်နေ့ ပြောင်းရမယ်ဆိုပြီး အသံတွေကြားနေတယ်။ အရင်ရက်တွေကလည်း ခြေတော်ရာဘက်တွေမှာ အသံချဲ့စက်နဲ့ အော်တာတွေရှိတယ်။ စစ်တပ်ကတော့ မနေ့ကအထိ တပ်မ (၇၇) က ရွှေကျင်-ကျောက်ကြီးလမ်းမ တစ်လျှောက်မှာ ဟိုတစ်စုဒီတစ်စုနဲ့ နေရာယူထားတာတွေ တွေ့ရတယ်။ ရွာကလူတွေကတော့ မပြောင်းကြသေးဘူး။ ပြောင်းဖို့က နေရာမှာမရှိတာ။ ပြောင်းရရင်လည်း မလွယ်ဘူးဗျာ ”

စစ်ကောင်စီတပ်ဘက်က ရွှေ့ခိုင်းတဲ့ ရပ်ကွက်နှစ်ခုနဲ့ ‌ရွာသုံးရွာမှာ ဒေသခံ နှစ်သောင်းဝန်းကျင်ရှိပြီး ဘောကထာ၊ သံဆိပ်၊ တုံးတံတားစခန်းတွေ တိုက်ခိုက် သိမ်းပိုက် ခံရပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်က အင်အားတိုးချဲ့ပြီး ဝင်ရောက်မှုတွေရှိနေတာလို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့က ဖြစ်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ထွက်ပြေး ခဲ့ရသူတွေလည်း အခုထိ နေရပ်ရွာတွေကို မပြန်ရသေးဘဲ ယာယီစစ်ဘေးဒုက္ခသည် စခန်းတွေမှာသာ နေထိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေကို ပြောင်းရွှေ့ခိုင်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFAက တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ သူ့အနေနဲ့ တိတိကျကျမသိကြောင်းနဲ့ ပြောင်းရွှေ့ခိုင်းတာလည်း မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။

KNU ထိန်းချုပ်နယ်မြေတွေမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကနေ ၂၀၂၂ ခုနှစ် ဩဂုတ်လအထိ လပေါင်း ၂၀ အတွင်းဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ‌ဒေသခံတစ်ရာကျော် သေဆုံးခဲ့ပြီး သုံးသိန်းကျော် ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရတယ်လို့ KNU ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org