ရှမ်းပြည်နယ်မဲစာရင်းမှာ မှတ်ပုံတင်နံပါတ် မရှိသူ ၇ သိန်းကျော်နေ
ရှမ်းပြည်နယ်အတွင်း မဲပေးနိုင်သူစာရင်း ထုတ်ပြန်ထားပေမယ့် မဲဆန္ဒရှင် ၇ သိန်းကျော်ရဲ့ နိုင်ငံသား စိစစ်ရေးကတ်ပြား (မှတ်ပုံတင်) အမှတ်တွေကို မဖော်ပြနိုင်ခဲ့ဘူးလို့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်က ပြောလိုက်ပါတယ်။
-
နန်းမို
2020-09-03 -
-
-
ရှမ်းပြည်နယ်အတွင်း မဲပေးနိုင်သူစာရင်းကို ပြည့်စုံအောင် ကြိုးစားထုတ်ပြန်ထားပေမယ့် မဲဆန္ဒရှင် ၇ သိန်းကျော်ရဲ့ နိုင်ငံသား စိစစ်ရေးကတ်ပြား (မှတ်ပုံတင်) အမှတ်တွေကို မဖော်ပြနိုင်ခဲ့ဘူးလို့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင်ကျော်က RFA ကို ပြောပါတယ်။
တစ်ပြည်နယ်လုံး မဲပေးနိုင်သူ စုစုပေါင်း ၃၅ သိန်းကျော် ရှိတဲ့အထဲ ၂၀ ရာခိုင်နှုန်းနီးပါးက မှတ်ပုံတင် မရှိတာ ဖြစ်ပါတယ်။ မှတ်ပုံတင် မရှိသူတွေထဲမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေကလည်း ပါဝင်ပါတယ်။
မဲစာရင်းမှာ အမည်ပါဝင်နေသူတွေဟာ မှတ်ပုံတင် မပြနိုင်ဘူးဆိုရင်လည်း မဲပေးခွင့် ရရှိဖို့ စီစဉ်ထားတယ်လို့ ဦးထင်ကျော်က ပြောပါတယ်။
“မှတ်ပုံတင်မရှိပေမဲ့ နိုင်ငံသားဖြစ်တယ်ဆိုရင် သူ့မှာရှိတဲ့ ဝန်ထမ်းကတ်၊ ကျောင်းသားကတ်၊ အရန်မီးသတ် ကတ်၊ ပရဟိတကတ်တို့ အထောက်အထားကတ် တစ်ခုခုရှိရင် မဲပေးခွင့်ရှိတယ်။ အဲ့ဒီလိုမှ မရှိရင် ရက်ကွက်ထဲမှာနေတာ မှန်ကန်တယ်၊ နိုင်ငံသားဖြစ်တယ်၊ အသက် ၁၈ ပြည့်ပြီဆိုရင်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာ ပါရင် မဲပေးပိုင်ခွင့်ရှိတယ်၊ မဲစားရင်းထဲမှာ ပါပြီး၊ မဲသွားပေးတဲ့ အချိန်မှာ မဲရုံထဲမှာရှိတဲ့ ရွေးကောက်ပွဲကော်မတီ အဖွဲ့ဝင် မဲရှံမှူးနဲ့လည်းသိပြီး မဲရုံမှူးလက်မှတ်လေးနဲ့ဆိုရင် မဲပေးပိုင်ခွင့်ရှိတယ်။ အဲဒီလက်မှတ်ဟာ မဲပေးတဲ့နေ့မှာပဲ သုံးလို့ရပါမယ်။ ဒါတွေဟာ နိုင်ငံသားဖြစ်ရင် လောလောဆယ် မှတ်ပုံတင်မရှိလည်း မဲပေးပိုင်ခွင့်ရအောင် စီစဉ်ထားနေတယ်”
ရှမ်းပြည်နယ် အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ အပါအဝင် မြို့နယ်အများအပြားမှာ မဲဆန္ဒရှင် အမည်စာရင်းထဲက မှတ်ပုံတင်နံပါတ် နေရာကွက်လပ် အတော်များများ ရှိခဲ့တာပါ။
ကျေးလက်ဒေသက မှတ်ပုံတင် မရှိသူတွေကို မြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန (လဝက) ရုံးက ကွင်းဆင်း ဆောင်ရွက်ပေးနေတယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ်ဖွီးကျေးရွာအုပ်စုက အမည်မဖော်လိုသူ အုပ်ချုပ်ရေးမှူး တစ်ဦးက RFA ကို ပြောပါတယ်။
“လူဦးရေ စုစုပေါင်း တစ်ရာလောက် ရှိရင်တော့ ကျေးရွာထဲက ဘုန်းကြီးကျောင်းအထိ လာနေပြီး လုပ်ပေးတယ်၊ ကျေးရွာအုပ်စု တစ်ခုချင်းစီကို။ လူဦးရေ နှစ်ယောက် သုံးယောက်လောက် ရှိရင်တော့ လဝကရုံးအထိ သွားလုပ်ရမှာ”
မဲပေးခွင့် မဆုံးရှုံးစေဖို့အတွက် ပြီးခဲ့တဲ့လေးနှစ်အတွင်း စီမံချက်ချပြီး ထုတ်ပေးခဲ့တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား အရေအတွက် ခြောက်သန်းနီးပါး ရှိတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက သြဂုတ်လ ၅ ရက်နေ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်တဲ့ ကပ်ဘေးကာလ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အွန်လိုင်းစကားဝိုင်းမှာ ပြောကြားခဲ့ပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး စိုင်းလိတ်ကတော့ နိုင်ငံသားတိုင်း မှတ်ပုံတင် ရရှိရေးဟာ အစိုးရရဲ့ တာဝန်ပဲလို့ RFA ကို ပြောပါတယ်။
“အစိုးရက သူလုပ်ပေးရမယ့် မှတ်ပုံတင်ကို လုပ်မပေးဘူး ဆိုကတည်းက ချွတ်ယွင်းမှု လို့ ပြောရမှာပေါ့။ အစိုးရရဲ့ ပျက်ကွက်မှုပေါ့နော်။ အသက် ၁၈ နှစ် ပြည့်ပြီဆိုရင် မှတ်ပုံတင် ရှိကိုရှိထားရမှာလေ။ မဲထည့်ရမယ့် အသက်၁၈ နှစ်ပြည့်ပြီ ဆိုရင်တော့ မှတ်ပုံတင် မလွဲမသွေ လုပ်ပေးရပါလိမ့်မယ်။ မှတ်ပုံတင်မရှိဘူး ဆိုရင်လည်းပဲ ရှိအောင်လုပ်ပေးရမယ့် ဝတ္တရားကတော့ သက်ဆိုင်ရာအစိုးရရဲ့ ဝတ္တရား ဖြစ်တယ်”
လူတိုင်း မှတ်ပုံတင်မရှိရတဲ့ အကြောင်းရင်းတွေထဲမှာ နယ်မြေ မတည်ငြိမ်တာ၊ ရုံးတည်ရှိရာ မြို့နဲ့ အလှမ်းဝေးတာ၊ ဗဟုသုတ နည်းပါးတာတွေလည်း ပါဝင်တယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။