ရှမ်းပြည်နယ်ဝန်ကြီးချုပ်နဲ့ စီမံဘဏ္ဍာဝန်ကြီး ထောင် ၁၆ နှစ်စီချမှတ်ခံရ
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးညွန့်လွင်တို့ကို ဇန်နဝါရီလ ၂၈ ရက်မှာ ထောင်ဒဏ် ၁၆ နှစ်စီ ချမှတ်လိုက်ပါတယ်။
- 2022-01-28
-
-
-
အဂတိမှုလေးခုနဲ့ တရားရင်ဆိုင်နေရတဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ် စီမံဘဏ္ဍာ ဝန်ကြီး ဦးစိုးညွန့်လွင်တို့ နှစ်ဦးကို စစ်ကောင်စီက ဇန်နဝါရီလ ၂၈ ရက် ဒီနေ့မှာ ထောင်ဒဏ် ၁၆ နှစ်စီ အမိန့် ချမှတ်လိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူတွေက RFA ကို အတည်ပြုပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမှာရှိတဲ့ တောင်လေးလုံး အကျဉ်းထောင်တွင်း တရားရုံ ကနေ ဒီမနက် ၁၁ လောက်မှာ အမိန့်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။
သူတို့နှစ်ဦးကို အင်းလေးဇုန် ဝင်ကြေးကိစ္စအတွက် တင်ဒါအောင်ထားတဲ့ ကုမ္ပဏီတွေက ငွေကျပ်သိန်းပေါင်း တစ်သောင်းကျော် ငွေပေးသွင်းဖို့ကျန်နေတာ၊ ကိုဗစ်ကာကွယ်ရေး ရံပုံငွေသုံးစွဲမှုမှာ ကွာခြားချက်တွေ ရှိနေတာစတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီရဲ့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က တရားလိုလုပ်ပြီး တရားစွဲ ဆိုခဲ့တာပါ။
သူတို့နှစ်ဦးကို ပြီးခဲ့တဲ့နှစ် သြဂုတ်လက စတင်တရားစွဲဆို ခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့ အဂတိမှုလေးမှုအတွက် တစ်မှုကို ထောင်ဒဏ်လေးနှစ်စီ နဲ့ စုစုပေါင်းထောင်ဒဏ် ၁၆ နှစ်ကျခံစေဖို့ အမိန့်ချခဲ့တာလို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။
ဒီကနေ့ အမိန့်ချခံခဲ့ရတဲ့ ဝန်ကြီးနှစ်ဦးထဲက စီမံဘဏ္ဍဝန်ကြီး ဦးစိုးညွန့်လွင်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်က နိုင်ငံတော်ပုန်ကုန်မှု ရာဇသတ်ကြီးပုဒ်မ - ၁၂၂ အတွက် ထောင်ဒဏ် နှစ် ၂၀၊ ရာဇသတ်ကြီးပုဒ်မ - ၁၂၄ (က) နဲ့ ၁၂၄ (ဃ) အတွက် တစ်မှုကို ထောင်ဒဏ် ခုနစ်နှစ်နဲ့ ဒဏ်ငွေတစ်သိန်းစီ၊ ရာဇသတ်ကြီးပုဒ်မ - ၅၀၅-(က)၊ ၅၀၅-(ခ) စတဲ့ အမှုတွေနဲ့ ထောင်ဒဏ် နှစ်နှစ်စီ စုစုပေါင်း ထောင်ဒဏ် ၃၈ နှစ်အထိ ချမှတ်ခံထားရတာပါ။
ဒီအမှုအတွက် ရှမ်းပြည်နယ် တရားလွှတ်တော်ကို လာမယ့် ဖေဖော်ဝါရီလမှာ အယူခံ တက်ဖို့ ဆောင်ရွက်နေတယ်လို့ မိသားစုနဲ့ နီးစပ်သူကပြောပါတယ်။
ဒီကနေ့မှာ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ စီမံဏ္ဍဝန်ကြီးနဲ့အတူ အဂတိမှုနဲ့ တရားစွဲခံထားရတဲ့ ကုမ္ပဏီဝန်ထမ်း တစ်ဦးကိုလည်း ထောင်ဒဏ် လေးနှစ်ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။