ဖားကန့်မြို့ ဆယ်ဇင်းက စစ်ဘေးဒုက္ခသည်တွေ အရေးပေါ် အကူအညီတွေလိုနေ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းရွာကနေ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာရတဲ့ စစ်ဘေးဒုက္ခသည် သုံးထောင်ကျော်အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေ သူတွေက ပြောပါတယ်။
- 2022-08-16
-
-
-
ဖားကန့်မြို့နယ် ဆယ်ဇင်းရွာမှ ထွက်ပြေးလာသည့် စစ်ဘေးဒုက္ခသည်များကို တွေ့ရစဥ်
Photo: L.K.P
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းရွာကနေ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာရတဲ့ စစ်ဘေးဒုက္ခသည် သုံးထောင်ကျော်အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေ သူတွေက ပြောပါတယ်။
လက်ရှိ စားဝတ်နေရေးအပြင် ဆေးဝါးတွေပါ လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီနေသူတစ်ဦးက RFA ကို ပြောပါတယ်။
“အခုလောလောဆယ်တော့ အစားအသောက်၊ အဝတ်အထည်၊ ဆေးဝါးတွေ လိုအပ်နေတယ်။ လက်ရှိ အခြေအနေက တာမခန်ကနေ ဆိုင်းတောင်၊ ဖားကန့်၊ မှော်ဆီစာတို့ကို ရွှေ့ကြတယ်။ အချို့လည်း နီးစပ်ရာ အင်းတော်ကြီး၊ မိုးညှင်း၊ ဟိုပင်တွေကို ရွှေ့သွားတဲ့ သူတွေလည်း ရှိတယ်”
ဆယ်ဇင်းရွာမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားတပ်မတော် (SNA) ကို ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့နဲ့ ၉ ရက်နေ့က ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ PDF တွေ သွားရောက် တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့တာပါ။
အဲဒီနောက်ပိုင်း စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ်တွေက ဆယ်ဇင်းရွာ နေအိမ် ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံ ၁၅ ဦးထက်မနည်းကိုလည်း သတ်ခဲ့တာကြောင့် ဒေသခံတွေအားလုံး ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်းတော်ကြီးဒေသ မမုန်ကိုင်ကို ရောက်နေတဲ့ ဆယ်ဇင်းဒေသခံတစ်ဦးကလည်း လက်ရှိ စားဝတ်နေရေးအတွက် အခက်အခဲရှိနေတယ်လို့ ပြောပါတယ်။
“တာမခန်မှာက လူတအားများသွားလို့ ဒီဘက်ရွှေ့လာတာ။ တချို့က ကျောက်မှော်ဘက် ကိုလည်း သွားကြတယ်။ နေရာအနှံ့ အကုန်ရောက်နေကြပြီ။ နေအိမ်ပြန်ဖို့လည်း ဆယ်ဇင်းက အိမ်တွေလည်း မီးထဲပါသွားတော့ ဘာမှ မရှိတော့ဘူး။ ဆိုတော့ ပြန်လို့မရတော့ နေရာတကာ သွားရတာပေါ့။ ကျမတို့လည်း ဘာမှ မပါဘဲ ထွက်ပြေးလာတာ။ ဒီမှာလည်း အစအစ အရာ အရာ ခက်ခဲနေတော့ ဒီမှာပဲနေပြီး အလုပ်ရှာပြီး အလုပ်လုပ်မလို့”
ဆယ်ဇင်းရွာမှာ လက်ရှိအချိန်ထိ ရှမ်းနီအမျိုးသားတပ်မတော် (SNA) နဲ့ စစ်ကောင်စီတပ်သားတွေ နေရာယူထားဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။