ဇူလိုင် ၇ ရက် နှစ်ပတ်လည် အခမ်းအနားများ

မြန်မာပြည်မှာ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့နဲ့ကျောင်းသားထု အခွင့်အရေးတွေ အပြည့်အ၀ ရရှိရေး အတွက် ကြိုးပမ်း ဆောင်ရွက်ကြဖို့ဒီကနေ့ ကျောင်းသားသမဂ္ဂ ဖြိုဖျက်ခံရတဲ့ ၄၉ နှစ်ပြည့်နေ့ ဇူလိုင် ၇ ရက်နေ့မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်နဲ့ ဒီမိုကရေစီရေး လှုပ်ရှား ဆောင်ရွက်သူများ တပ်ပေါင်းစု ဗဒတ က တိုက်တွန်း လိုက်ပါတယ်။

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ တွေ့ရသော ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦ ဖြစ်ပါသည်။ ဇူလိုင်လ ၈ ရက်နေ့တွင် စစ်တပ်၏ ဗုံးဖောက်ခွဲမှုကြောင့် ကျောင်းသားသမဂ္ဂ အဆောက်အဦ ပျက်ဆီးခဲ့ရပါသည်။ (မှတ်တမ်းဓါတ်ပုံ) RFA

စစ်အာဏာရှင်တွေဟာ ကျောင်းသား သမဂ္ဂ အဆောက်အဦးကို ဗုံးခွဲ ဖျက်ဆီးနိုင်ခဲ့ပေမဲ့ ကျောင်းသားသမဂ္ဂ စိတ်ဓာတ်ကိုတော့ ဖြိုချ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူးလို့ ဗကသနဲ့ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများ အဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

စစ်အုပ်စုကို အဓိက ရန်သူ အဖြစ် သတ်မှတ်ကြောင်း၊ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဖျက်ဆီးနိုင်ခဲ့ပေမဲ့ ခေတ်အဆက်ဆက် တော်လှန်မှု သမိုင်းမှာ ကျောင်းသားတွေဟာ ရှေ့ဆုံးမှာ ရှိနေမြဲ ဖြစ်ကြောင်း ဗကသ ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ကိုဇာနည်က ပြောပါတယ်။

ဒီကနေ့ဇူလိုင် ၇ ရက်နေ့ အထိမ်းအမှတ် အဖြစ် တိုက်ပွဲ အဆက်ဆက် ကျဆုံးသွားတဲ့ ကျောင်းသားတွေ အတွက် ရွှေတိဂုံဘုရားနဲ့ ဆူးလေဘုရား အပါအဝင် ရန်ကုန်မြို့အနှံ့က ဘုရား ၇ ဆူမှာလည်း ဆုတောင်း မေတ္တာ ပို့သခဲ့ကြပါတယ်။ ဒါ့အပြင် လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဒဂုံ စတဲ့မြို့တွေမှာ သံဃာတော်တွေကို ဆွမ်းကပ်ခဲ့ကြ ပါတယ်။

့ဗကသ အပါအဝင် ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများ အဖွဲ့အနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသားရေး၊ ဒီမိုကရေစီ ပညာရေး၊ ကျောင်းသား အခွင့်အရေး၊ ကျောင်းသား သမဂ္ဂ ဖွဲ့စည်းခွင့် ရရှိရေး စတာတွေ အတွက် ကြိုးပမ်း ဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့တဲ့ အကြောင်း၊ ၄၉ နှစ် ကြာသည့်တိုင် ကျောင်းသား သမဂ္ဂကို မေ့ပျောက်လို့ မရနိုင်ကြောင်း၊ မြေလတ် ကျောင်းသား သမဂ္ဂ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုသူရိန်က ပြောပါတယ်။

ဒီကနေ့ကျောင်းသား ကျောင်းသူတွေ အနေနဲ့သမိုင်း လက်ဆင့်ကမ်းပြီး ကျောင်းသား သမဂ္ဂ စိတ်ဓာတ်တွေကို ဆက်လက် သယ်ဆောင်သွားမှာ ဖြစ်ကြောင်း ဇူလိုင် ၇ ရက် ၄၉ နှစ်ပြည့်မှာ ဒီအဖွဲ့တွေက ထပ်မံ ကတိပြု ထားပါတယ်။ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ဗိုလ်နေဝင်း၊ ဗိုလ်အောင်ကြီး ဦးဆောင်ပီး စစ်အာဏာ သိမ်းတာကို ကန့်ကွက်ခဲ့တဲ့ အတွက် ကျောင်းသား သမဂ္ဂ အဆောက်အဦးကို စစ်အာဏာရှင်တွေက ဗုံးခွဲဖျက်ဆီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဗကသ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် နိုင်ငံခြားရေးရာ ကော်မတီနဲ့လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီတို့ ပူးတွဲပြီး ထိုင်း-မြန်မာနယ်စပ် တစ်နေရာမှာလည်း ဒီကနေ့ မနက်က ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

နယ်ချဲ့ဆန့်ကျင်ရေး သမိုင်းဝင် ကျောင်းသား သမဂ္ဂနဲ့ အဆောက်အဦးကို စစ်အာဏာရှင်တွေက အကြမ်းဖက် ဗုံးခွဲ တိုက်ခိုက်ခဲ့တဲ့ သမိုင်းနဲ့ ခေတ်အဆက်ဆက် ကျောင်းသား သမဂ္ဂကို ဆက်လက် သယ်ဆောင်ခဲ့ကြတဲ့ ကျောင်းသားတွေရဲ့သမိုင်းကို ဒီကနေ့ အထိမ်းအမှတ် အဖြစ် ဆွေးနွေးခဲ့ကြတယ်လို့လူ့ဘောင်သစ် ဒီမိုကရက် တစ်ပါတီ အတွင်းရေးမှူး ဦးငွေလင်းက ပြောပါတယ်။

ဇူလိုင် ၇ ရက် အထိမ်းအမှတ် စကားဝိုင်းကို မနက် ၉ နာရီလောက်မှာ စတင် ပြုလုပ်ခဲ့တာ ဖြစ်ပြီး ကျဆုံးသွားတဲ့ ကျောင်းသား အာဇာနည်တွေ အတွက် ဂုဏ်ပြုခဲ့ကြပါတယ်။ ဒါ့အပြင် ဒီကနေ့ကျောင်းသားထု အနေနဲ့ ကြိုးပမ်း လုပ်ဆောင်ရမည့် လုပ်ငန်းစဉ် အဖြစ် ကြွေးကြော်သံ ၃ ရပ် ဖြစ်တဲ့ ကျောင်းသား သမဂ္ဂ ဖွဲ့စည်းကြ၊ ကျောင်းသားထု အစဉ်အလာ ထိမ်းသိမ်းကြ၊ လူထု ခေါင်းဆောင် ဝန်းရံကြ ဆိုပြီး ချမှတ်ခဲ့တယ်လို့ ဦးငွေလင်းက ပြောပါတယ်။

ဒီဆွေးနွေးပွဲကို ၁၉၆၂၊ ၁၉၇၄၊ ၁၉၈၈၊ ၂၀၀၇ ခုနှစ် စတဲ့ သမိုင်းဝင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု အဆက်ဆက်မှာ ပါဝင်တွေ့ကြုံခဲ့တဲ့ ကျောင်းသားတွေ တက်ရောက်ခဲ့ သလို၊ ဒီကနေ့ မျိုးဆက်သစ် တိုင်းရင်းသား ပေါင်းစုံ ကျောင်းသား လူငယ်တွေလည်း တက်ရောက်ခဲ့တယ်လို့သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org