ဖျာပုံမှာ PDF စွပ်စွဲခံရသူ ခုနစ်ဦး သေဒဏ်ချခံရပြီး နောက်ထပ်ခုနစ်ဦး နှစ်ရှည်ထောင်ချခံရ

ဖျာပုံမြို့မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေလို့ စွပ်စွဲဖမ်းဆီးခံထားရသူ ခုနစ်ဦးကို ဖျာပုံခရိုင်တရားရုံးက သေဒဏ်ချလိုက်ပါတယ်။

စစ်ကောင်စီမှ ထုတ်ပြန်သည့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအား တွေ့ရစဉ်။ Myanmar Military

ဧရာဝတီတိုင်း၊ ဖျာပုံမြို့မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေလို့ စွပ်စွဲဖမ်းဆီးခံထားရသူ ခုနစ်ဦးကို အောက်တိုဘာလ ၂၀ ရက်နေ့မှာ ဖျာပုံခရိုင်တရားရုံးက သေဒဏ်ချလိုက်တဲ့ အပြင် နောက်ထပ်ခုနစ်ဦးကိုလည်း နှစ်ရှည်ထောင်ဒဏ် ချလိုက်တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

လူသတ်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၁ )ခ နဲ့ သေဒဏ်ချမှတ်ခံထားရသူတွေဟာ ကိုဝဏ္ဏထွန်း၊ ကိုစံလင်းစံ၊ ကိုကိုအောင်၊ ကိုကျော်ဆန်းဦး၊ ကိုသူရဖြိုး၊ ကိုထွန်းထွန်းဦးနဲ့ ကိုအောင်မိုးမြင့်တို့ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒါ့အပြင် အကြမ်းဖျက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ - က၊ ၅၀ - ဈ၊ ၅၂-က တို့နဲ့ ဖမ်းဆီးခံထားရတဲ့ ကိုဟိန်းသူလွင်၊ ကိုဝင်းမြတ်သိန်းဇော်၊ ကိုကောင်းစည်သူ၊ ကိုကျော်ကိုကို၊ ကိုဇော်မြင့်သူ၊ ကိုကျော်သူရ၊ ကိုရဲဇော်ထက်တို့ကိုလည်း ထောင်ဒဏ်ငါးနှစ်ကနေ ၅၅ နှစ်အထိချလိုက်တယ်လို့ ဆိုပါတယ်။

အားလုံးကို ပုသိမ်အကျဉ်းထောင်ပို့လိုက်ပြီး တိုက်ပိတ်ထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထောင်ဒဏ် နှစ်ရှည်ကျမိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့က ရုံးထုတ်တာ ၁၅ ဦး၊ တစ်ဦးက အမိန့်စာမှားလို့ ရုံးပြန်သွင်းပြီး ၁၄ ဦးကို အမိန့်ချတာ။ အမှုတွဲတွေက အတူတူပဲ။ အမိန့်ချပြီးတော့ ပုသိမ်အကျဉ်းထောင်ကို ပို့လိုက်ပြီ။ လောလောဆယ် သူတို့ကို တိုက်ပိတ်ထားတယ်လို့ သိရပါတယ်”

အဲဒီအမိန့်ချမှတ်မှုတွေအပြင် ထပ်တိုးပုဒ်မတွေနဲ့လည်း အမိန့်ချခံရဖို့ရှိနေသေးတယ် လို့လည်း သူက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချခံရသူတွေဟာ Black Dragon Force Pyapon အမည်ရ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ စစ်ကောင်စီက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

စက်တင်ဘာလ ၂၈ ရက်ကလည်း ဘိုကလေးမြို့နယ်က ကိုကျော်မိုးလွင်၊ ဦးဝင်းဌေးနဲ့ မအူပင်မြို့နယ်က ကိုဝေယံကျော်တို့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) ဖြစ်တယ်၊ လူသတ်မှုကျူးလွန်တယ်လို့ စွပ်စွဲပြီး ဖျာပုံခရိုင်တရားရုံးကနေ သေဒဏ်ချခဲ့ပါတယ်။

စက်တင်ဘာလ ၁၂ ရက်ကလည်း ဘိုကလေးမြို့နယ် ဒေသခံတွေဖြစ်တဲ့ ဇော်ဝင်းထွန်း၊ ကိုနိုင်ဝေလင်း၊ ကိုမင်းသူအောင်နဲ့ ကိုပြည့်စုံဖြိုးတို့ကို အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖျာပုံခရိုင်တရားရုံးက ရာဇသတ်ကြီးပုဒ်မ - ၃၀၂(၁)(ခ) နဲ့ သေဒဏ်ချမှတ်ခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက အရပ်သား ၁၅၆ ဦး သေဒဏ်ချမှတ်ခံထားရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org