ဆန္ဒပြကျောင်းသားတွေ ညအိပ်တည်းခိုရာ မြင်းခြံမှာ လုံခြုံရေးတပ်ဖွဲ့တွေ ချထား
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက် တဲ့အနေနဲ့ ခရီးရှည်ချီတက်နေကြ တဲ့ ကျောင်းသားတွေ မနေ့ညက ညအိပ်တည်းခိုတဲ့ မြင်းခြံ စွန်းလွန်းဂူကျောင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေ ချထားတယ်လို့ သပိတ်မှောက် ကျောင်းသားတွေက ပြောပါတယ်။
-
2015-01-26 -
-
-
Your browser doesn’t support HTML5 audio
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်တဲ့အနေနဲ့ ခရီးရှည်ချီတက်နေကြတဲ့ ကျောင်းသားတွေ မနေ့ညက ညအိပ်တည်းခိုတဲ့ မြင်းခြံစွန်းလွန်းဂူကျောင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေ ချထားတယ်လို့ သပိတ်မှောက် ကျောင်းသားတွေက ပြောပါတယ်။
တောင်သာမြို့ကို ဆက်လက်ချီတက်ဖို့ မနေ့က စီစဉ်ထားပေမဲ့၊ မြင်းခြံဒီဂရီကောလိပ်နဲ့ နည်းပညာ ကောလိပ်က ကျောင်းသားတွေနဲ့ ပူးပေါင်းပြီး ဟောပြောပွဲတွေ လှည့်လည်ကျင်းပခဲ့တဲ့အတွက် အချိန်မရတော့တာမို့ မြင်းခြံမှာပဲ နောက်တစ်ည ထပ်အိပ်ရချိန်မှာ၊ အာဏာပိုင်တွေက လုံခြုံရေးတွေ ချထားလိုက်တာလို့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ပြောပါတယ်။
"ကျနော်တို့တည်းခိုတဲ့ ကျောင်းရဲ့ပင်မလမ်းအထွက်ပေါက်မှာ သူတို့ ရဲတပ်ဖွဲ့လုံခြုံရေးချထားပါတယ်၊ ကျနော်တို့ဆီကို စောင့်ရှောက်ပေးဖို့လာကြတဲ့ မြို့မိမြို့ဖတွေက သူတို့လမ်းတစ်လျှောက် မြင်တွေ့ခဲ့ရတာတွေကို ကျနော်တို့ကို သတင်းပြန်ပြီးတော့ပြောပါတယ်"
တောင်သာဘက်မှာလည်း လုံခြုံရေးတွေချထားတဲ့ သတင်းတွေရရှိထားပြီး ဒီနေ့မနက်မှာ ချီတက်မယ့်လမ်းကြောင်းကို အပြီးသတ်ဆုံးဖြတ်ချက်ချမယ်လို့ ကိုရဲရင့်ကျော် က ပြောပါတယ်။
ကျောင်းသားအားလုံးကတော့ မူလစီစဉ်ထားတဲ့အတိုင်း တောင်သာလမ်းကြောင်းအတိုင်းပဲ ဆက်လျှောက်မယ်လို့ သဘောထားပေးကြကြောင်း သိရပါတယ်။ ရှေ့ဘယ်လိုရင်ဆိုင်မလဲဆိုတာ စီစဉ်ထားပြီး အသေးစိတ်လည်း ထပ်ဆွေးနွေးမယ်လို့ ကိုရဲရင့်ကျော်က ပြောပါတယ်။
သပိတ် အရှိန်မြင့်တဲ့အနေနဲ့ စစ်ကြောင်းကြီးတွေ ခွဲမယ်လို့လည်းဆိုပါတယ်။
မြင်းခြံဒီဂရီကောလိပ်မှာ နိုင်ငံတော်အလံကို မနေ့က ဖြုတ်ချပြီး ကျောင်းသားသမဂ္ဂအလံလွှင့်ထူမှုနဲ့ မြင်းခြံမြို့မ ရဲစခန်းက နိုင်ငံတော်အလံ ဥပဒေ ပုဒ်မ ၁၆ အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ ဒီနေ့ထုတ် အစိုးရပိုင် ကြေးမုံသတင်းစာမှာ ပါရှိပါတယ်။
သပိတ်မှောက်ကျောင်းသားတွေရဲ့ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်တဲ့ ခရီးရှည်ချီတက်ပွဲ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်ပြီး ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော်ကို ဒီမနက် ၂ နာရီ ဝန်းကျင်လောက်မှာ ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။