အာဇာနည်နေ့ အကြိုအခမ်းအနား အမေ့အိမ် ပညာကျောင်းမှာ ကျင်းပ

ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက် မယ့် ၆၄ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြိုအခမ်းအနားကို လှိုင်သာယာမြို့နယ်က ‘အမေ့အိမ်’ ပညာဒါနကျောင်းမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

၆၄ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြိုအခမ်းအနားကို ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က လှိုင်သာယာမြို့နယ်ရှိ အမေ့အိမ် ပညာဒါနကျောင်းတွင် ကျင်းပစဉ်။ (Photo: nldburma.org) www.nldburma.org

အခမ်းအနားမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်းဆောင်ကြီးများကို ရည်စူးပြီး သံဃာ ၅ ပါးကို ဝါဆိုသင်္ကန်းနဲ့ ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့တဲ့အကြောင်း ကျောင်းကော်မတီဝင် ကိုငယ်က RFA ကို ပြောပါတယ်။

NLD ဗဟိုဦးစီး အဖွဲ့ဝင်တွေ ဖြစ်တဲ့ ကဗျာဆရာ စာရေးဆရာ ဖျာပုံနီလုံဦးနဲ့ မုံရွာအောင်ရှင်တို့က အာဇာနည်နေ့အကြောင်း ကလေးတွေကို ဟောပြောရှင်းပြပြီး ဆရာဦးအေးဘိုနဲ့ ဆရာမင်းမင်း တို့က ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကလေးဘဝ ကစလို့ နိုင်ငံ့ခေါင်းဆောင် ဖြစ်လာတဲ့အချိန်အထိ လေးစား အတုယူသင့်တဲ့ ရိုးသားဖြောင့်မတ်မှု၊ ကတိသစ္စာ တည်ကြည်မှု၊ ကိုယ်ကျိုးစွန့်အနစ်နာခံမှုတွေကို ရှင်းလင်း ဟောပြောခဲ့ကြတယ်လို့ သိရပါတယ်။

အခမ်းအနား တက်ရောက်လာတဲ့ ကလေးတွေအတွက် အာဇာနည်ပုဂ္ဂိုလ်ကြီးများရဲ့ အတ္ထုပ္ပတ္တိ ဟောပြောတဲ့ အစီအစဉ်၊ အာဇာနည်နေ့ ကဗျာရွတ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ ဆုပေးပွဲ အစီအစဉ်တွေကို ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။ နောက်ဆုံးအစီအစဉ်အဖြစ် အခမ်းအနား တက်ရောက်လာတဲ့ ကလေးတွေကို အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ ဓာတ်ပုံ၊ ဗလာစာအုပ်၊ ခဲတံတွေ ပေးဝေခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org