မတရားတဲ့ နိုင်ငံရေးစနစ်ကို တွန်းလှန်ဖို့ KNU ဥက္ကဋ္ဌတိုက်တွန်း

စစ်အာဏာရှင်တွေက နိုင်ငံရေးပြဿနာကို စိတ်ရင်းမှန်နဲ့ ဖြေရှင်းလိုစိတ် မရှိသရွေ့ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်လာဖို့မရှိဘူးလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောလိုက်ပါတယ်။

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Photo: AFP
မတရားတဲ့ နိုင်ငံရေးစနစ်ကို တွန်းလှန်ရမယ်လို့ ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ဇန်နဝါရီလ ၂ ရက် ဒီကနေ့ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့မှာ ပြောလိုက်ပါတယ်။
စစ်အာဏာရှင်တွေက နိုင်ငံရေးပြဿနာကို စိတ်ရင်းမှန်နဲ့ ဖြေရှင်းလိုစိတ် မရှိသရွေ့ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်လာဖို့မရှိဘူးလို့လည်းဆိုပါတယ်။ 
 
ပြာသိုလဆန်း ၁ ရက်မှာ ကျရောက်တဲ့ ၂၇၆၁ ခုနှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ မိန့်ခွန်းမှာ KNU ဥက္ကဋ္ဌက ပြောလိုက်တာ ဖြစ်ပါတယ်။
 
အာဏာသိမ်းထားတဲ့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ၂၀၂၂ ခုနှစ်မှာ ငြိမ်းချမ်းရေး အတွက် ခြေလှမ်းစမယ်လို့ နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောခဲ့ပါတယ်။
 
KNU အနေနဲ့ အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်မှ ပြည်တွင်းငြိမ်းချမ်းရေး ရနိုင်မယ် ဆိုတာကို နားလည်ထားလို့ အပစ်အခတ်ရပ်စဲရေးကို ကြိုးပမ်းအားထုတ်ခဲ့တယ်လို့လည်း ဆိုထားပါတယ်။
 
ဒါပေမဲ့ ငြိမ်းချမ်းရေးအတွက် အားထုတ်မှုတွေဟာ စစ်တပ်ရဲ့အာဏာသိမ်းမှု ထပ်မံဖြစ်ပြီးနောက် အလဟဿ ဖြစ်ခဲ့ရသလို လူငယ်မျိုးဆက်သစ်တွေဟာလည်း အခြေအနေအမှန်တွေကို နားလည်ပြီး လက်နက်ကိုင် ခုခံ တိုက်ပွဲဝင်နေကြပြီလို့ ပြောပါတယ်။
 
ကရင်အမျိုးသားတွေအနေနဲ့ လုယူခံထားရတဲ့ အခွင့်အရေးတွေကို ပြန်ရယူပြီး မတရားတဲ့ နိုင်ငံရေးစနစ်တွေ ကို တွန်းလှန်တိုက်ဖျက်ရမှာ ဖြစ်တယ်လို့ KNU ဥက္ကဋ္ဌက ဆိုပါတယ်။
 
ကရင်အမျိုးသားအဖွဲ့အစည်းတွေ၊ ကရင်အမျိုးသားလို့ ခံယူထားသူတွေတိုင်းဟာ လက်ရှိနိုင်ငံရေး အခြေအနေမှာ အမျိုးသားရေးအတွက် မားမားမတ်မတ်ရပ်တည်ပြီး ကရင်အမျိုးသား အလံတော်အောက်မှာ အမျိုးသားချင်း သစ္စာရှိကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
 
စစ်တပ်အာဏာသိမ်းပြီးနောက် ၁၀ လကျော်အတွင်း လက်ရှိအချိန်မှာ KNU ထိန်းချုပ်နယ်မြေတိုင်းလိုလိုမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ၊ ထိတွေ့မှုတွေ ဖြစ်ပွားနေပါတယ်။
 
KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေထဲကို စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဒေသခံ တစ်သောင်းကျော်တို့လည်း စစ်ဘေးဒုက္ခသည်တွေအဖြစ် ရှောင်တိမ်းနေကြရသလို တချို့ ထိုင်းနိုင်ငံ ထဲ ထွက်ပြေးနေကြရပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org