ရှေးဟောင်းအမွေအနှစ်တွေ ကာကွယ်ဖို့ လက်နက်ကိုင်အဖွဲ့တွေကို Save The Heritage မေတ္တာရပ်ခံ

စစ်ကောင်စီတပ်တွေက ရှေးဟောင်းအမွေအနှစ်နေရာတွေမှာ တပ်စွဲတာ၊ ပစ်မှတ်ထားတိုက်ခိုက်တာတွေကို သိက္ခာမဲ့စွာ လုပ်နေတယ်လို့လည်း ပြောထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ နန်းရာကုန်းရှိ ရှေးဟောင်းယဉ်ကျေးမှုပြတိုက် ၂ဝ၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့က လက်နက်ကြီးထိမှန်အပြီး ပျက်စီးသွားသည့်မြင်ကွင်းအား တွေ့ရစဉ်။ Photo: Citizen Journalist

လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နေရာတွေနဲ့ အဆောက်အဦတွေကို ပစ်မှတ်ထား တိုက်ခိုက်တာအပြင် ခံတပ်အနေနဲ့ အကာအကွယ်ယူ အသုံးပြုတာတွေ မလုပ်ဖို့ Save The Heritage အဖွဲ့က မေတ္တာရပ်ခံလိုက်ပါတယ်။

စစ်အာဏာရှင်စနစ် တိုက်ဖျက်နိုင်ဖို့ ကြိုးစားနေတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ဆင်ရေးတွေကြောင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ မပျက်စီး မပျောက်ဆုံးရအောင် ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို လက်နက်ကိုင်တပ်ဖွဲ့အားလုံးက လိုက်နာကြဖို့ Save The Heritage အဖွဲ့က ဇန်နဝါရီ ၄ ရက်နေ့က ကြေညာချက်ထုတ်ပြန် မေတ္တာရပ်ခံလိုက်တာပါ။

စစ်ကောင်စီတပ်တွေအနေနဲ့ စစ်ဘက်ဆိုင်ရာကျင့်နဲ့ ဥပဒေတွေကို ချိုးဖောက်တာတွေအပြင် ရှေးဟောင်းအမွေအနှစ် နေရာတွေမှာ တပ်စွဲတာနဲ့ အမွေအနှစ်နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေကို သိက္ခာမဲ့စွာ ဆောင်ရွက်နေတယ်လို့ ပြောထားပါတယ်။ ဒီလိုဆောင်ရွက်တာဟာ မြန်မာနိုင်ငံက သဘောတူလက်မှတ်ထိုးထားတဲ့ Geneva convention နဲ့ The Hague Convention (1954) တို့ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်တာလို့လည်း ထောက်ပြထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

အဲဒီမေတ္တာရပ်ခံချက်ထဲမှာ စစ်ဆင်ရေးစီမံချက်တွေချမှတ်ရာမှာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်နေရာတွေကို ရှောင်ပြီး ဆောင်ရွက်ဖို့၊ ရှေးဟောင်းအမွေအနှစ်တွေကို အကာအကွယ်ပေးဖို့၊ ရှေးဟောင်း ပစ္စည်းတွေ တရားမဝင် ရောင်းဝယ် ဖောက်ကားတာတွေ မဖြစ်အောင် ထိန်းသိမ်းကြပ်မတ်ဖို့ ပြောထားပါတယ်။

Save the Heritage အဖွဲ့အနေနဲ့ စစ်အာဏာရှင်တိုက်ဖျက်ရေး ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ဆိုင်ရာ ကြိုးပမ်းချက်တွေကို ဆက်လက်ထောက်ခံသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ ပတ်သက်ပြီး ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဘယ်လက်နက်ကိုင်တပ်ဖွဲ့က ကျူးလွန်တာဖြစ်စေ မှတ်တမ်းတင်ထားမယ်လို့လည်း Save the Heritage အဖွဲ့က အသိပေးထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org