မီးရှို့သတ်ဖြတ်ခံရသူတွေထဲ ဝန်ထမ်းနှစ်ဦး ပါဝင်ကြောင်း Save The Children အတည်ပြု

အကူအညီပေးရေးလုပ်နေတဲ့ ဝန်ထမ်းတွေကို အကြမ်းဖက်တာဟာ လက်ခံနိုင်စရာ လုံးဝမရှိကြောင်းနဲ့ ဒီလုပ်ရပ်ဟာ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဥပဒေကို ချိုးဖောက်နေတယ်လို့ Save the Children ရဲ့ အမှုဆောင်ချုပ် Inger Ashing က ပြောပါတယ်။

ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ မီးရှို့ဖျက်ဆီးခံရသော ကားများကို ၂၀၂၁ ဒီဇင်ဘာ ၂၄ ရက်နေ့က တွေ့ရစဉ်။ Photo- KNDF

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုရွာအနီး အစုအပြုံလိုက် မီးရှို့့သတ်ဖြတ်ခံခဲ့ရသူ ၃၅ ဦး ထဲမှာ သူတို့ဝန်ထမ်း နှစ်ဦးလည်း ပါဝင်တယ်လို့ ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့ Save the Children က ဒီဇင်ဘာလ ၂၈ ရက် ဒီနေ့ညမှာ အတည်ပြု ပြောဆိုပါတယ်။

သေဆုံးသူဝန်ထမ်းနှစ်ဦးဟာ အခင်းဖြစ်ရာနေရာနဲ့ အနီးနားက ရွာတွေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေသွားပေးပြီးအပြန် မီးရှို့သတ်ဖြတ်ခံရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကူအညီပေးရေး လုပ်နေတဲ့ ဝန်ထမ်းတွေကို အကြမ်းဖက်တာဟာ လက်ခံနိုင်စရာ လုံးဝမရှိကြောင်းနဲ့ ဒီလုပ်ရပ်ဟာ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေတယ်လို့ Save the Children ရဲ့ အမှုဆောင်ချုပ် Inger Ashing က ပြောပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ကျူးလွန်သူတွေကို အရေးယူနိုင်ရေး အမြန်ဆုံး စီစဉ်ဖို့နဲ့ မြန်မာနိုင်ငံကို လက်နက်ရောင်းဝယ်ခြင်း ပိတ်ဆို့မှုတွေ လုပ်ဖို့ကိုလည်း အမှုဆောင်ချုပ် Inger Ashing က တောင်းဆိုလိုက်ပါတယ်။

သေဆုံးသူ နှစ်ဦးဟာ Save the Children နဲ့ အလုပ်တွဲလုပ်လာတာ ၆ နှစ်ရှိပြီဖြစ်တဲ့ အသက် ၂၈ နှစ်အရွယ် အမျိုးသားဝန်ထမ်းတစ်ဦးနဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသား ဝန်ထမ်းတစ်ဦးဖြစ်တယ်လို့ Save the children က အတည်ပြု ထုတ်ပြန်ပါတယ်။ သူတို့ နှစ်ဦးလုံးမှာ လသားအရွယ်ကလေးတွေ ကျန်ရစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီမီးရှို့ သတ်ဖြတ်တဲ့ လုပ်ရပ်ကို စစ်တပ်ကကျူးလွန်ခဲ့ကြောင်း သတင်းမီဒီယာတွေကနေ ကြားသိရတယ်လို့လည်း Save the Children အဖွဲ့က ကြေညာချက်ထဲမှာ ပြောထားပါတယ်။

ဒီဇင်ဘာလ ၂၄ ရက် ခရစ္စမတ်အကြိုနေ့မှာ မိုဆိုရွာအနီး ဒေသခံ ၃၅ ဦး အစုလိုက်အပြုံလိုက်မီးရှို့သတ်ဖြတ် ခံခဲ့ရတာဖြစ်ပါတယ်။

ဒီလိုအစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုဖြစ်လို့ ကမ္ဘာ့နိုင်ငံတွေက အမြန်ဆုံး အရေးယူပေးဖို့ ရခိုင့်တပ်တော် (AA) ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) လက်နက်ကိုင် ညီနောင်မဟာမိတ် သုံးဖွဲ့က ကြေညာချက်ထုတ်ပြန်တောင်းဆိုထားပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီဒေသခံတွေဟာ တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်ရင်း သေဆုံးတာလို့ ပြောဆိုပြီး ကူညီကယ်ဆယ်ရေး လုပ်နေသူတွေပါဝင်တယ်ဆိုတဲ့အချက်ကို သီးသန့် တုံ့ပြန်ပြောဆိုတာမရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးအကြီးအကဲ Martin Griffiths ကတော့ ဒီသတ်ဖြတ်မှုကို ပြစ်တင်ရှုတ်ချလိုက်ပြီး အပြစ်ရှိသူတွေကို စုံစမ်းဖော်ထုတ် အရေးယူပေးဖို့ စစ်ကောင်စီကို မနေ့က ကြေညာချက်ထုတ်ပြန်တောင်းဆိုထားပါတယ်။


2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org