ဆားလင်းကြီးမှာ စစ်ကြောင်းထိုးလို့ လူခုနစ်ထောင်ကျော် ထွက်ပြေးနေရ

ဆားလင်းကြီးမြို့နယ်မှာ ဧပြီ ၂၇ ရက် မနက်ပိုင်းဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကြောင့် ရွာကိုးရွာခန့်က ဒေသခံ ခုနစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီ စစ်ကြောင်းများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြသည့် ဆားလင်းကြီးမြို့နယ် အတွင်းမှ ဒေသခံများအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့က တွေ့ရစဉ်။ အညာပစ်တိုင်းထောင်လေးများ

တရုတ်ကြေးနီစီမံကိန်းရှိရာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဧပြီ ၂၇ ရက် ဒီနေ့ မနက်ပိုင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် ရွာပေါင်း ကိုးရွာခန့်က ဒေသခံ ခုနစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆားလင်းကြီး-ယင်းမာပင် သပိတ်ကော်မတီဝင်က RFA ကို ပြောပါတယ်။

စစ်ကြောင်းကြောင့် ရွှေလှေရွာ၊ ဝက်မှေးရွာ၊ ကံတောရွာ၊ တုံရွာ (မြောက်)၊ တုံရွာ (တောင်)၊ တုံရွာ (အလယ်)၊ ဇီးတောရွာ၊ ကျောက်ဖြူတိုင်၊ ဆည်တဲ စတဲ့ ရွာတွေဟာ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဆားလင်းကြီး-ယင်းမာပင် သပိတ်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

"အဲဒီရွာတွေကတော့ အခုထိ ပြေးနေရတယ်။ လက်ရှိက ဖမ်းဆီးတာတော့ မရှိဘူးဗျ"

အဲဒီစစ်ကြောင်းဟာ ဆားလင်းကြီးမြို့ပေါ်ကနေ ကျေးရွာတွေဘက်ကို ဦးတည်ထွက်ခွာ လာတဲ့ စစ်ကြောင်းနဲ့ ကြေးနီစီမံကိန်းအတွင်းမှာ အခြေချထားတဲ့ စစ်တပ်တို့ ပူးပေါင်း ထားတဲ့ အင်အား ၁၅၀ နီးပါးရှိတဲ့ စစ်ကြောင်းဖြစ်တယ်လို့ သူက ပြောပါတယ်။

အခုထွက်ပြေးနေရတဲ့ ကျေးရွာတွေက ဒေသခံတွေကတော့ အဲဒီစစ်ကြောင်း ဖြတ်သန်းရာတစ်လျှောက် သတ်ဖြတ်ခံရသူ အရပ်သား ငါးဦး ရှိပြီး၊ သူတို့အားလုံး စစ်ကြောင်းဝင်ချိန်မှာ ကျေးရွာတချို့ကနေ ဖမ်းဆီးခံခဲ့ရတာလို့ ပြောပါတယ်။

ဆားလင်းကြီး-ယင်းမာပင် သပိတ်ကော်မတီဝင်ကတော့ အသတ်ခံရသူတွေဟာ အခု ထွက်ပြေးနေရတဲ့ ကျေးရွာတွေက မဟုတ်ဘဲ အခြားဒေသကနေ ဖမ်းခေါ်လာသူတွေ ဖြစ်တာကြောင့် အမည်နဲ့ အသက်အရွယ်တွေကို အတိအကျ မသိရဘူးလို့ ပြောပါတယ်။

လက်ရှိမှာ အဲဒီစစ်ကြောင်းဟာ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် မြောက်ဘက်က ရွှေလှေရွာကို ဝင်ရောက်ရှင်းလင်းနေတယ်လို့ သူက ပြောပါတယ်။ ရွှေလှေရွာရဲ့ အခြေအနေကို RFA က စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဒီစစ်ကြောင်းဟာ ဧပြီလ ၂၅ ရက်နေ့က မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကနေ ဆားလင်းကြီးမြို့ကို ဝင်ရောက်လာခဲ့တာဖြစ်ပြီး မြို့ပေါ်မှာ နှစ်ရက်တာ ရပ်နားပြီးနောက် အခု တရုတ်ကြေးနီစီမံကိန်း အနီးတစ်ဝိုက်ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်စစ်ကြောင်းကြောင့် ကြေးနီစီမံကိန်း အနီးတစ်ဝိုက်က ဒေသခံ ခုနစ်ထောင်ကျော် ထွက်ပြေးနေရတာနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောခွင့်ရ ဦးအေးလှိုင်ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

၂၀၂၃ ခုနှစ် ဧပြီလ ၁၀ ရက်နေ့အထိ ကုလသမဂ္ဂ လူသားချင်းစာနာမှု ပေါင်းစပ်ညှိနှိုင်းရေး ရုံး (UN OCHA) ရဲ့ ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးရသူဦးရေဟာ တစ်သန်း ရှစ်သိန်းကျော် ရှိနေပြီး၊ ဒီအထဲက တစ်သန်း ငါးသိန်း နီးပါးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org