မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ စန်းမြို့ရွာကို ဂြိုဟ်တုဓာတ်ပုံတွေက တစ်ဆင့်တွေ့ရ

မကွေးတိုင်း ဂန့်ဂေါမြို့နယ်က စန်းမြို့ရွာကို ဇန်နဝါရီလ ၁၈ ရက်နေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီးနောက် နေအိမ် ၁၃၂ လုံး မီးရှို့ခံခဲ့ရပါတယ်။


မကွေးတိုင်း ဂန့်ဂေါမြို့နယ် စန်းမြို့ရွာတွင် မီးလောင်ကျွမ်းထားသည်ကို ဂြိုဟ်တုမှတစ်ဆင့် တွေ့ရစဉ်။
ဝဲပုံ - ၂၀၁၉ အောက်တိုဘာ ၁၃ ရက် (CNES/Google Earth)၊ ယာပုံ - ၂၀၂၂ ဇန်နဝါရီ ၂၂ (Planet Labs)
(Analysis by RFA)

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့က မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ် စန်းမြို့ရွာမှာ ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းထားတာကို RFA က ရထားရှိတဲ့ ဂြိုဟ်တုဓာတ်ပုံတွေကတစ်ဆင့် တွေ့ရပါတယ်။

ဇန်နဝါရီလ ၁၈ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်လေးငါးဆယ်လောက် စန်းမြို့ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဝင်ရောက်လာတဲ့အတွက် တစ်ရွာလုံး ထွက်ပြေးခဲ့ရတယ် လို့ ရွာသားတွေက ပြောပါတယ်။

ကွေ့ကောက်စီဆင်းနေတဲ့ မြစ်သာမြစ် နံဘေးက အစိမ်းရောင်လယ်ကွင်းတွေ ကြားမှာ နေအိမ်အလုံး ၁၃ဝ လောက် မီးလောင်ကျွမ်းခဲ့တဲ့ စန်းမြို့ရွာက ပြာပုံအပျက်အစီးတွေကို ကောင်းကင်ကတစ်ဆင့် ထင်ထင်ရှားရှား မြင်တွေ့ရပါတယ်။

RFA က ရရှိထားတဲ့ ဓာတ်ပုံအထောက်အထားနဲ့ နှမ်းခါးလူငယ်အဖွဲ့က ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်‌တွေမှာ ဇန်နဝါရီ ၁၈ ရက်ညပိုင်း စန်းမြို့ရွာမီးလောင်နေပုံနဲ့ ဇန်နဝါရီလ ၁၉ ရက် နေ့မှာ မီးလောင် အပျက်အစီးပုံတွေကို တွေ့ရပါတယ်။

ဂြိုဟ်တုကတစ်ဆင့် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ရိုက်ကူးထားတဲ့ပုံနဲ့ လွန်ခဲ့တဲ့ ၂ နှစ်လောက် က ရိုက်ကူးထားတဲ့ပုံကို နှိုင်းယှဉ်ကြည့်ရင် မီးရှို့တိုက်ခိုက်မှုတွေမဖြစ်ခင်နဲ့ မီးရှို့မှုဖြစ်ပြီး နောက်ပိုင်း စန်းမြို့ရွာကို ထင်ထင်ရှားရှား တွေ့ရပါတယ်။ အိမ်ခြေ ၁၉၀ ကျော်ရှိတဲ့ ရွာမှာ အိမ်အလုံး ၃၀ လောက်ပဲ ကျန်ရစ်ပြီး ရွာသားတစ်ထောင်လောက် အနီးအနားကျေးရွာ တွေမှာ ခိုလှုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပိတ်ပင်ခံထားရတဲ့ ခေတ်သစ်မီဒီယာ သတင်းဌာနက အခုတစ်ပတ်ဖော်ပြတဲ့ အသံဖိုင် တစ်ခုအရ ဂန့်ဂေါခရိုင် သုံးမြို့နယ်မှာ စစ်အစိုးရအုပ်ချုပ်မှု ပျက်ပြားသွားပြီဆိုပြီး မကွေးတိုင်းလုံခြုံရေးဝန်ကြီးက အစည်းအဝေးတစ်ခုမှာ ဝန်ခံပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းမှုနောက်ဆက်တွဲဖြစ်ရပ်တွေကို မှတ်တမ်းတင်နေတဲ့ Myanmar Data အဖွဲ့က ဇန်နဝါရီလဆန်းပိုင်းမှာ RFA ကို ပြောကြားရာမှာ အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံတစ်ဝန်းက ကျေးရွာပေါင်း ၉၀ မှာ အိမ်ခြေ ၁၉၆၃ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး မကွေးတိုင်းတစ်ခုတည်းမှာ မီးလောင်မှု အကြိမ်လေးရာကျော် ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။

စန်းမြို့ရွာကို စစ်တပ်ကမီးရှို့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက တစ်စုံတစ်ရာ ပြောဆိုတာ မရှိပါဘူး။ ကျေးရွာတွေ၊ မြို့တွေမှာ မီးရှို့မှုတွေဟာ PDF အဖွဲ့ တွေရဲ့လက်ချက်ဖြစ်တယ် ဆိုပြီး စစ်ကောင်စီက ပြောဆိုနေပေမယ့် မျက်မြင်သက်သေ တွေကတော့ ဒါတွေဟာ စစ်တပ်ရဲ့လုပ်ရပ်တွေဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org