ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှု အမည်စာရင်း တိုးဖို့တောင်းဆို

မြန်မာအစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ ၊ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ပူးတွဲ စီးပွားရေး လုပ်ကိုင်နေကြတဲ့ သန်းကြွယ် သူဌေး လုပ်ငန်းရှင်တွေ အပြင်၊ အစိုးရကို မီဒီယာ လုပ်ငန်းနဲ့ ကျောထောက် နောက်ခံ ပြုနေသူ စုစုပေါင်း (၄၂) ဦးကျော် ကို ဘဏ္ဍာရေး ပိတ်ဆို့မှု စာရင်းမှာ ထည့်သွင်း အရေးယူဖို့ မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့USCB က အမေရိကန် အစိုးရထံ မနေ့က စာရေးပြီး တင်ပြ တောင်းဆို လိုက်ပါတယ်။

USCB ခေါ် အမေရိကန်နိုင်ငံ အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ ဒါရိုက်တာ ဦးအောင်ဒင်ကို အမေရိကန်အောက်လွှတ်တော် ကြားနာပွဲတရပ်တွင် ထွက်ဆိုနေစဉ် တွေ့ရပုံ။ RFA

အခုလို နောက်ထပ် စီးပွားရေး လုပ်ငန်းရှင်တွေ၊ မီဒီယာ ထုတ်ဝေသူတွေကိုပါ ဘာကြောင့် အရေးယူပေးဖို့ တင်ပြခဲ့ရသလဲ ဆိုတာကိုတော့ မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့USCB ဒါရိုက်တာ ဦးအောင်ဒင်က အာအက်ဖ်အေ ကိုပြောပြတာက -

"ကျနော်တို့ ပြည်တွင်းကို ပြန်ကြည့်တဲ့ အခါကျတော့ အလိုတော်ရိ စီးပွါးရေးသမားတွေက ပိုတောင် ဆိုးလာကြတယ်။ သူတို့က အစိုးရအဖွဲ့ရဲ့ အောက်မှာ ရှိနေတယ်။ ဒေသခံ အာဏာပိုင်တွေ ထက်တောင် သူတို့က အာဏာရှိနေတယ်။ လူထုရဲ့ မြေတွေ၊ ငါးဖမ်းကွက်တွေ ဒါတွေကို အဓမ္မသိမ်းပြီးတော့ အစိုးရနဲ့ ပေါင်းပြီးတော့ development project ကြီးတွေ တည်ဆောက်၊ ဟိုတယ်ကြီးတွေ၊ စက်ရုံတွေ၊ သတ္တုတွင်းတွေ တည်ဆောက်နဲ့။ လူထုက စစ်အုပ်စုနဲ့ စီးပွါးရေးသမားတွေ ပူးပေါင်းပြီး အကြမ်းဖက် နှိပ်စက်မှုကို တွေ့ရတယ်။ ဒီအချိန်မှာ အမေရိကန် အစိုးရအနေနဲ့ ပြဌာန်းထားတဲ့ ဥပဒေကို သေသေချာချာ တိတိကျကျ အရေးယူ အကောင်အထည်ဖော်ဖို့၊ အဲလို အကောင်အထည် ဖော်တဲ့နေရာမှာ အခု ကျန်ရှိနေသေးတဲ့ စီးပွါးရေးသမားတချို့ကို targeted sanction နဲ့ အရေးယူဖို့ ဒီစာရင်းကို ကျနော်တင်တာပါ။"

အရင်ကတည်းက အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူမှု စာရင်းမှာ ပါသူတွေကတော့ စုစုပေါင်း ၃၀ ကျော် ဖြစ်ပါတယ်။

အဲဒီအထဲမှာ ဦးတေဇ၊ ဇေကမ္ဘာ ဦးခင်ရွှေ၊ ယုဇန ဦးဌေးမြင့် စတဲ့ နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင်တွေ ပါခဲ့ပါတယ်။

အခုစာရင်းထဲမှာ ပါတဲ့ အများသိတဲ့ ပုဂ္ဂိုလ်တွေ တချို့ အမည်တွေကတော့ ကမ္ဘောဇဘဏ် နဲ့ ဘောလုံးအသင်း ပိုင်ရှင် ဆရာကျောင်း ခေါ် ဦးအောင်ကိုဝင်း၊ အိုလံပစ် ဆောက်လုပ်ရေး လုပ်ငန်းပိုင်ရှင် ဦးအိုက်ထွန်း၊ Alpine သောက်ရေသန့် လုပ်ငန်းပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်း၊ ဝန်ကြီးဟောင်း ဦးအောင်သောင်းရဲ့ သားဖြစ်သူ United Amaya ဘဏ်ပိုင်ရှင် ဦးနေအောင်၊ လက်ရှိ လွှတ်တော်ပြောရေးဆိုခွင့်ရှိသူ ဦးရွှေမန်းသား ဦးတိုးနိုင်မန်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မြေးဖြစ်သူ ဖိုးလပြည့် ခေါ် နေရွှေသွေး တို့ဖြစ် ပါတယ်။

ဒါ့အပြင် ရုပ်ရှင်လုပ်ငန်းတွေဖက်ကဆိုရင် မိုင်းတွင်းလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ နာမည်ကျော် ရုပ်ရှင် မင်းသား ဦးလွင်မိုး နဲ့ရုပ်ရှင် ဒါရိုက်တာ ဦးဇင်ယော် မောင်မောင်တို့ကိုလည်း ပိတ်ဆို့ အရေးယူမှု စာရင်းမှာ ထည့်သွင်းပေးဖို့ တင်ပြထားပါတယ်။

မီဒီယာ လုပ်ငန်းပိုင်ရှင်တွေထဲမှာတော့ The Voice Journal က ဒေါက်တာ နေဝင်းမောင်၊ မြန်မာတိုင်းမ်စ် ဂျာနယ် ထုတ်ဝေသူ ဒေါက်တာ တင်ထွန်းဦး၊ Snapshot Journal က ဦးမြတ်ခိုင်၊ ပေါ်ပြူလာဂျာနယ်က ဒေါ်နန်းကလျာဝင်း အပါအဝင် Yangon Media Group က ဦးကိုကို (စက်မှုတက္ကသိုလ်) တို့ကိုလည်း ဘဏ္ဍာရေး ပိတ်ဆို့မှု စာရင်းမှာ ထည့်ပြီး အရေးယူဖို့ တင်ပြထားပါတယ်။

မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့က ဒါရိုက်တာ ဦးအောင်ဒင် နဲ့ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org