မှားလွန်းနေတဲ့ မဲစာရင်း ကိစ္စ ရွေးကောက်ပွဲကော်မရှင် စုံစမ်းသင့်
2015.07.02

လာမယ့်ရွေးကောက်ပွဲအတွက် မဲစာရင်းတွေ ကြေညာရာမှာ အမှားအယွင်းတွေ များလွန်းနေတာဟာ စဉ်းစားစရာဖြစ်နေကြောင်း၊ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ စုံစမ်းသင့်ကြောင်း အမျိုးသားဒီမိုကရေစီ ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
"အမှားတွေကတော့ သိပ်များတာပဲ အဲ့အတွက်တော့စဉ်းစားရမှာပေါ့၊ ဘာဖြစ်လို့ဒီလောက်တောင်မှ အမှားတွေ များလဲပေါ့နော်၊ ၂ဝ၁ဝ တုန်းကလည်း ဒီလိုမဖြစ်ခဲ့ဘူးဆိုတော့ ၂ဝ၁၂ တုန်းကလည်း ဒီလောက်မှားတာတွေ မဖြစ်ခဲ့ဘူးဆိုတော့ အခုမှဘာလို့ ဒီလောက်တောင်မှ မှားနေတာလဲ၊ တချို့နေရာတွေမှာ မဲစာရင်းတွေက ၂ ခုဖြစ်တာတို့၊ အဲ့ဒါတွေကလည်း အဓိပ္ပာယ်တော့သိပ်မရှိဘူး၊ ဒါတွေကတော့ ကော်မရှင်အနေနဲ့ စုံစမ်းသင့်တဲ့ ကိစ္စတွေပါ"
ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် RFA က မနေ့က မေးမြန်းခဲ့ရာမှာ ဖြေကြား ခဲ့တာပါ။
ရခိုင်ပြည်နယ်က ဘာသာလူမျိုးပဋိပက္ခ ပြဿနာတွေနဲ့ ပတ်သက်ပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့ပါတယ်။
"မုန်းတီးတဲ့စိတ်တွေ တစ်ယောက်နဲ့တစ်ယောက် ပဋိပက္ခဖြစ်တယ်ဆိုတာ စိုးရိမ်ကြောင့်ကျမှုတွေ ကနေပြီးတော့ ထွက်ပေါ်လာတာ ကိုယ့်ရဲ့ဘဝရပ်တည်ရေးအတွက်၊ ကိုယ့်ရဲ့ဝမ်းစာလုံလောက်ရေးအတွက်၊ ကိုယ့်ရဲ့လုံခြုံရေး အတွက် ဒါနှစ်ဘက်က်စလုံးမှာ ဒီလိုစိုးရိမ်မှုတွေရှိတယ်။ ဒါကြောင့် နှစ်ဘက်စလုံး ဖက်ကနေကြည့်ရမယ်၊ တစ်ဘက် ကိုပဲဖိပြီးတော့ အပြစ်ဆိုလို့မရဘူးပေါ့နော်၊ မွတ်စလင်တွေရဲ့ ဒုက္ခတွေကလည်း တကယ့်ကိုအမှန်ဒုက္ခတွေပဲ၊ ရခိုင်တွေရဲ့ ဒုက္ခတွေကလည်း တကယ့်ကို အမှန်ဒုက္ခတွေပဲ၊ အဲ့ဒီတော့ အဲ့ဒီဟာ နှစ်ဘက်စလုံးဖက်ကို ကြည့်ရ မယ်လို့ပြောတာကို ဘယ်သူကမှစိတ်မဝင်စားဘူး၊ ဘယ်သူကမှလည်း မကျေနပ်ဘူးပေါ့နော်၊ တစ်ဘက်ကဆိုရင် ဟိုဘက်တစ်ဖက်ကိုပဲ အပြစ်ဖို့ချင်နေတယ်၊ နှစ်ဘက်စလုံးမှာ စိုးရိမ်ကြောင့်ကျမှုတွေရှိနေတယ်၊ စိုးရိမ်ကြောင့် ကျစရာကိစ္စတွေကလည်း တကယ်ကိုအမှန်ရှိနေတယ်ဆိုတာကို အစ်မတို့သိတာကြာလှပြီ၊ ဒီဟာတွေကိုလည်း ထပ်တလဲလဲ ပြောနေတာကြာလှပြီ၊ အခုမှမဟုတ်ဘူး ဒီကစ္စတွေကို အစ်မတို့တတ်နိုင်သမျှ နိုင်ငံတကာအဖွဲ့ အစည်းတွေကို ပြောခဲ့ပါတယ်၊ ဒါပေမယ့် ဘယ်သူကမှ စိတ်မဝင်စားခဲ့ဘူး"
ဦးခင်မောင်စိုး တင်ဆက်တဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ ရခိုင်ပြည်နယ် ပြဿနာ အဖြေရှာရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲရေး ကိစ္စတွေကို နားဆင်ရမှာဖြစ်ပါတယ်။