စီးပွားရေး ပိတ်ဆို့ အရေးယူမှု ဖေဖေါ်ဝါရီလမှာ အီးယူ ရုပ်သိမ်းဖွယ်ရှိ
မြန်မာနိုင်ငံက ပြုပြင် ပြောင်းလဲမှုတွေကို အားပေးတဲ့ အနေနဲ့ ဥရောပသမဂ္ဂ အီးယူက မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူထားတာကို လာမယ့် ဖေဖေါ်ဝါရီလမှာ ပြန်လည် ရုပ်သိမ်းဖွယ် ရှိတယ်လို့ အီးယူ သံတမန် အသိုင်းအဝန်းက ပြောပါတယ်။
-
2012-01-18 -
-
-
စီးပွားရေး ပိတ်ဆို့မှုကို ခပ်စောစော ရုပ်သိမ်းမယ့် အပြင် ကူညီ ထောက်ပံ့ရေးတွေ ပေးဖို့လည်း စီစဉ်နေပါတယ်။
အီးယူ နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ အကြီးအကဲ Catherine Ashton လည်း မြန်မာနိုင်ငံကို မကြာခင် လာရောက် လည်ပတ်မယ်လို့ သူရဲ့ ပြောခွင့်ရသူက ပြောပါတယ်။
မြန်မာနိုင်ငံတွင်းက ဖြစ်ရပ်သစ်တွေ အပေါ်မူတည်ပြီး အီးယူရဲ့ မူဝါဒတွေကို ပြန်လည် သုံးသပ်သွားမယ် လို့လည်း ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အဖွဲ့ဝင် ၂၇ နိုင်ငံ ပါဝင်တဲ့ အီးယူ အဖွဲ့ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ လာမယ့် တနင်္လာနေ့ ဘရပ်ဆဲမြို့မှာ ဆွေးနွေး ဆုံးဖြတ်ကြမှာပါ။
အမည် မဖေါ်လိုသူ အီးယူ သံတမန် တစ်ဦး ကတော့ မြန်မာ အပေါ် စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေး အတွက် ပဏာမ အဆင့်ကို ဖေဖေါ်ဝါရီလမှာ စဖို့ အဲဒီ ဆွေးနွေးပွဲကနေ ကြေညာလိမ့်မယ်လို့ မျှော်လင့်ရကြောင်း၊ တချို့ နိုင်ငံတွေက ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင်
အီးယူရဲ့ အားပေး ထောက်ခံမှုကို ပြသချင်နေကြကြောင်း ပြောပါတယ်။
သံတမန် သတင်းရပ်ကွက် တစ်ခု အဆိုအရ ကတော့ ဗြိတိန်နဲ့ တချို့နိုင်ငံတွေက ဧပြီလ ရွေးကောက်ပွဲကို လွတ်လပ်မျှတမှု ရှိမရှိ စောင့်ကြည့်ချင်သေးပေမယ့် ပြင်သစ်၊ ဂျာမနီ စတဲ့ နိုင်ငံတွေကတော့
မြန်မာ့ ပြုပြင် ပြောင်းလဲရေးတွေကို မြန်မြန်ဆန်ဆန် အားပေးသမှု ပြုချင်ကြတယ်လို့ သိရပါတယ်။
၂၀၁၀ နိုဝင်ဘာလ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မြောက် လာပြီးတဲ့နောက် မနှစ်က အီးယူဟာ မြန်မာ အပေါ် ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေး ပိတ်ဆို့ အရေးယူမှုကို နောက်ထပ် တစ်နှစ် သက်တမ်းတိုးခဲ့ပေမယ့် ခရီး သွားလာရေးနဲ့ ပိုင်ဆိုင်မှု ထိန်းချုပ်ထားတဲ့ ကိစ္စကို ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။