စံကောင်း ပီနံအိတ်စက်ရုံ အလုပ်သမားတွေ အစာငတ်ခံဆန္ဒပြ
ရန်ကုန်မြို့၊ လှိုင်သာယာ ငွေပင်လယ် စက်မှုဇုန် စံကောင်း ပီနံအိတ်စက်ရုံမှာ အလုပ်သမား ၄၉ ဦးကို အလုပ်ထုတ်လိုက်တဲ့အတွက် ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့ကတည်းက ဆန္ဒပြနေကြတဲ့ အလုပ်သမားတွေဟာ မနေ့ညနေပိုင်းကစလို့ အစာငတ်ခံ ဆန္ဒပြနေကြပြီဖြစ်ကြောင်း ဒီကနေ့မှာ သတင်းစာရှင်းလင်း ပွဲလုပ်ပြီး ပြောဆိုလိုက်ပါတယ်။
-
2013-05-28 -
-
-
Your browser doesn’t support HTML5 audio
ရန်ကုန်မြို့၊ လှိုင်သာယာ ငွေပင်လယ်စက်မှုဇုန် စံကောင်း ပီနံအိတ်စက်ရုံမှာ အလုပ်သမား ၄၉ ဦးကို အလုပ်ထုတ်လိုက်တဲ့အတွက် ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့ကတည်းက ဆန္ဒပြနေကြတဲ့ အလုပ်သမားတွေဟာ မနေ့ညနေပိုင်းကစလို့ အစာငတ်ခံ ဆန္ဒပြနေကြပြီဖြစ်ကြောင်း ဒီကနေ့မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောဆိုလိုက်ပါတယ်။
အဲ့ဒီစက်ရုံရှေ့မှာ ရာနဲ့ချီရှိတဲ့ အလုပ်သမားတွေ ဆန္ဒပြတောင်းဆိုနေကြတာ ရက်သတ္တပတ် ၂ ပတ်ကျော် ကြာမြင့်တဲ့အထိ တောင်းဆိုမှုတွေကို အလုပ်ရှင်ဘက်က မလိုက်လျောတဲ့အတွက် အခုလို အစာငတ်ခံ ဆန္ဒပြရတာလို့ စံကောင်း ပီနံအိတ်စက်ရုံ အခြေခံအလုပ်သမားသမဂ္ဂ ဥက္ကဌ ဦးဝင်းထွန်းအောင်က RFA ကို ပြောပါတယ်။
"ဒီနေ့ဆိုရင် ကျနော်တို့ တောင်းဆိုလာတာ ၁၅ ရက်ကျော်လာပြီပေါ့ဗျာ၊ ဒါဟာ အခြေအနေတစ်ရပ် အကြောင်းအရာပေါ်မှာ စိတ်မရှည်တဲ့အတွက် အားလုံးရဲ့ဆန္ဒသဘောထားအရ အစာငတ်ခံဆန္ဒပြတာကို လုပ်ဖြစ်ခဲ့တာပါ၊ ကျနော်တို့တောင်းဆိုမှုကို လိုက်လျောတာဆိုလို့ တစ်ခုမှမရှိခဲ့ပါဘူးခင်ဗျ၊ ဒါကြောင့်မို့လို့ ဆက်လက်တောင်းဆိုမှု ပြုလုပ်နေရတာပါ"
အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို အလုပ်ရှင်တွေဘက်က မလိုက်လျောမချင်း စက်ရုံရှေ့မှာပဲ အလုပ်သမား ၁၆ ဦးက နေ့စဉ်ရက်ဆက် အစာငတ်ခံ ဆန္ဒပြသွားမယ်လို့ ဆိုပါတယ်။
အလုပ်သမားတွေအနေနဲ့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၄၉ ဦးကို အလုပ်ပြန်ခန့်ဖို့အပြင်၊ အခြေခံလုပ်ခလစာ တိုးပေးရေး၊ လုပ်ငန်းနဲ့ လုပ်သားအင်အား မျှတစွာထားရှိပေးဖို့ စတဲ့အချက်တွေ အပါအဝင် ၄၃ ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ တောင်းဆိုနေကြတာပါ။
တရုတ်လူမျိုးတွေနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ စံကောင်း ပီနံအိတ်စက်ရုံမှာ ပြီးခဲတဲ့ ဧပြီလ ၁၅ ရက်နေ့က အလုပ်သမားတချို့ ဆန္ဒပြခဲ့ကြရာမှာ စက်ရုံတွင်း ဆူပူအောင် လှုံ့ဆော်တယ်ဆိုပြီး အလုပ်သမား ၄၉ ဦးကို အလုပ်ထုတ်ပစ်ခဲ့တာလို့ ဆိုပါတယ်။
စံကောင်း ပီနံအိတ်စက်ရုံ အခြေခံအလုပ်သမားသမဂ္ဂ ဥက္ကဌ ဦးဝင်းထွန်းအောင်ကို RFA သတင်းထောက် မအိအိခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။