ကြားကာလအခြေခံဥပဒေရေးဆွဲရေး ပြင်ဆင်မှု အဖွဲ့တစ်ရာကျော် ကန့်ကွက်

စစ်ကိုင်းတိုင်း ဖက်ဒရယ်ယူနစ်ရဲ့ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ပြင်ဆင်မှုဆိုင်ရာ ဥပဒေကို စစ်ကိုင်းတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီက အတည်ပြုလိုက်တာကို စစ်ကိုင်းတိုင်းအတွင်းက အဖွဲ့ပေါင်း တစ်ရာကျော်က ကန့်ကွက်ကြောင်း နိုဝင်ဘာလ ၂၂ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းနှင့် သွေးမအေးတဲ့ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းတို့ ပူးပေါင်းပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြစဉ်။ ယင်းမာပင်ဆားလင်းကြီးရွာပေါင်းစုံသပိတ်ကော်မတီ

စစ်ကိုင်းတိုင်း ဖက်ဒရယ်ယူနစ်ရဲ့ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ပြင်ဆင်မှုဆိုင်ရာ ဥပဒေကို စစ်ကိုင်းတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီက အတည်ပြုလိုက်တာကို စစ်ကိုင်းတိုင်းအတွင်းက အဖွဲ့ပေါင်း တစ်ရာကျော်က ကန့်ကွက်ကြောင်း နိုဝင်ဘာလ ၂၂ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

အစုအဖွဲ့တစ်ခုထဲကလုပ်တာမျိုးမဟုတ်ဘဲ အားလုံးပါဝင်တဲ့ အခင်းအကျင်းမျိုးဆောင်ရွက်ဖို့ စစ်ကိုင်းဖိုရမ်ပြောရေးဆိုခွင့်ရှိသူ ကိုစိုးဝင်းဆွေက ပြောပါတယ်။

"အခုလို တိုင်းလွှတ်တော်က ဥပဒေပြုလိုက်တဲ့ကိစ္စကတော့ ဖက်ဒရယ် ဒီမိုကရေစီနဲ့လည်းမကိုက်ညီဘူး၊ ထုတ်ပြန်ချက်မှာလည်း ပါထားပြီးပါပြီ၊ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ပြုခဲ့တဲ့ လမ်းကြောင်းကိုကြည့်မယ်ဆိုရင်လည်း အားလုံးရဲ့ ကံကြမ္မာနဲ့ပတ်သက်တဲ့ ကြားကာလအစီအမံလိုမျိုး၊ အခြေခံဥပဒေကိစ္စလိုမျိုး ကိစ္စရပ်တွေသည် အစုအဖွဲ့တစ်စုထဲကနေ ဆောင်ရွက်တာမျိုးတော့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် ရေးဆွဲတဲ့ဖြစ်စဉ်မှာလည်း မရှိခဲ့ဘူး၊ အခြားသော ပြည်နယ်ဖက်ဒရယ်ယူနစ်တွေရဲ့ ကြားကာလ အစီအမံတွေ ဆောင်ရွက်တဲ့ကိစ္စမှာလည်း အဲလိုဆောင်ရွက်ခဲ့တာမရှိဘူး၊ ဒါကြောင့်မို့ အားလုံးပါဝင်တဲ့ အခင်းအကျင်းကို ညီညီညွတ်ညွတ် စုစုစည်းစည်းပဲ ဖန်တီးကြဖို့ ကျွန်တော်တို့အနေနဲ့ လေးလေးနက်နက်တောင်းဆိုပါတယ်၊ ဒီလိုပဲ လိုလားပါတယ်"

စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့၊ မြန်မာနိုင်ငံ ဆရာ/ ဆရာမများအဖွဲ့ချုပ်(စစ်ကိုင်းတိုင်း)၊ ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၊ ကလေးမြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၊ တန့်ဆည် ပင်မလူထုသပိတ်ကော်မတီ အပါအဝင် အဖွဲ့ ၁၀၇ ဖွဲ့က ကန့်ကွက်ခဲ့ကြတာပါ။

စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အတွက် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ပြင်ဆင်မှုဆိုင်ရာ ဥပဒေကို ထုတ်ပြန်ကြေညာတာဟာ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေရဲ့ သဘောဆန္ဒပါဝင်မှုမရှိတာကြောင့် မြေပြင်ယုံကြည်မှုတည်ဆောက်ရေးအတွက် အခက်အခဲတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒေသတွင်း အနာဂတ်ရေးရာ ကိစ္စတွေဆောင်ရွက်မယ်ဆိုရင် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်နဲ့အညီ တိုင်းအတွင်းက တော်လှန်ရေး အင်အားစုတွေ၊ ပြည်ထောင်စုအဆင့် တော်လှန်ရေးအင်အားစုတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီးမှသာ ဆောင်ရွက်သင့်တယ်လို့လည်း ဆိုပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်ရဲ့ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေကို စစ်ကိုင်းတိုင်းလွှတ်တော်က နိုဝင်ဘာလ ၁၇ ရက်နေ့မှာ အတည်ပြုကြောင်း ကြေညာခဲ့တာပါ။

အလားတူ တနင်္သာရီတိုင်းနဲ့ မကွေးတိုင်းမှာလည်း အခုလို ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေအတည်ပြုထားပါတယ်။ စစ်ကိုင်းတိုင်းလိုပဲ တနင်္သာရီတိုင်းက နိုင်ငံရေးအင်အားစုတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ကန့်ကွက်ထားကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org