ကန့်ဘလူမှာ အရပ်သား လေးဆယ်နီးပါး ဖမ်းဆီးခံရ
ကာဘိုးတိုက်နယ်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား ၁၅၀ လောက်ပါတဲ့ စစ်ကြောင်းက ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
-
RFA Burmese
2024-10-30 -
-
-
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် အိုင်ပေါင်းချောင်ရွာက အရပ်သား ၃၇ ဦးကို အောက်တိုဘာ ၃၀ ရက်နေ့မှာ စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးသွားတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၃၀ ရက်နေ့က ကာဘိုးတိုက်နယ်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား ၁၅၀ လောက်ပါတဲ့ စစ်ကြောင်းက ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။ အဖမ်းခံရသူတွေထဲမှာ အမျိုးသား ၃၄ ဦးနဲ့ အမျိုးသမီး သုံးဦးပါဝင်ပါတယ်။ အခြေအနေအသေးစိတ်ကို သိရဖို့ ဒေသခံတွေနဲ့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကို RFA က ဆက်သွယ်ထားပေမဲ့ လတ်တလော ပြန်ဖြေတာမရှိသေးပါဘူး။
ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ ထုတ်ပြန်ချက်မှာတော့... “အိုင်ပေါင်းချောင်က ပြည်သူတွေက မရှောင်ကြဘူးလို့ သိရတယ်၊ ကျီစုနဲ့ ကျောက်တိုင်ရွာတွေကို မီးရှို့ပြီး ပြန်ထွက်လာမှ အိုင်ပေါင်းချောင်က ပြည်သူတွေဖမ်းသွားတာ၊ အမျိုးသား ၃၄ ဦးနဲ့ အမျိုးသမီး သုံးဦး၊ စုစုပေါင်း ၃၇ ဦး လို့ပြောတယ်၊ ဘယ်သူဘယ်ဝါ အတိအကျတော့ မသိရသေးဘူး၊ မီးရှို့ရုံမကဘူး Drone နဲ့ ဗုံးသီးတွေပါ ချတော့ ကျွန်မတို့တော့ ရွာထဲမနေရဲဘူး အကုန်ရှောင်ကြတာ” ဆိုတဲ့ ဒေသခံတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဖော်ပြထားပါတယ်။
အဖမ်းခံရတဲ့ အရပ်သားတွေကို ကာဘိုးတိုက်နယ်မှာရှိတဲ့ ပျူစောထီးအထိုင်စခန်းကနေ တဆင့် ကန့်ဘလူမြို့ပေါ်က တင့်ကားတပ်ရင်း တကရ - ၆၀၀၆ တပ်ကို ခေါ်သွားတယ်လို့လည်း ဖော်ပြထားပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
အောက်တိုဘာ ၃၀ ရက်နေ့မှာပဲ အဲဒီစစ်ကြောင်းဟာ ကျီစုရွာနဲ့ ကျောက်တိုင်ရွာကို ဝင်ရောက်မီးရှို့ခဲ့ပြီး ထိခိုက်ပျက်စီးတဲ့အခြေအနေကိုတော့ မသိရသေးဘူးလို့လည်း ဆိုပါတယ်။ ကျီစုရွာမှာ အိမ်ခြေ ၉၀၀ နီးပါးရှိပြီး ဒါဟာ သုံးကြိမ်မြောက် မီးရှို့ခံရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကြိမ် မီးရှို့ဖျက်ဆီးခဲ့ရာမှာတော့ နေအိမ် ၆၆၆ လုံးနဲ့ ဗလီတစ်လုံး မီးလောင်ပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ ကျောက်တိုင်ရွာမှာလည်း ပထမတစ်ကြိမ်က နေအိမ် ၁၇၃ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။