စစ်ကိုင်းမြို့နယ်ထဲ စစ်ကြောင်းဝင်လာလို့ ဒေသခံတစ်သောင်းကျော် ထွက်ပြေးရ

စစ်ကိုင်းမြို့နယ်ထဲ ရွာခုနစ်ရွာကို ဇွန် ၂၅ ရက်မှာ စစ်တပ်က စစ်ကြောင်းနှစ်ခုခွဲ ဝင်နေတာကြောင့် ဒေသခံတစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ကိုင်းတိုင်းမှ စစ်ဘေးဒုက္ခသည်အချို့အား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၅ ရက်က တွေ့ရစဉ်။ SYP

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲက ရွာခုနစ်ရွာကို ဇွန်လ ၂၅ ရက် ဒီနေ့မနက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်း နှစ်ခုခွဲပြီး ဝင်ရောက်နေတာကြောင့် အဲဒီရွာတွေမှာ နေထိုင်တဲ့ ဒေသခံတစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သုံးလင့်၊ ကိုင်းပြင်၊ ကင်းတော်၊ လက်ပန်တော၊ မြင်းဆည်၊ ဥယျာဉ်၊ မြစ်သာ စတဲ့ရွာတွေက ဒေသခံတွေ ထွက်ပြေးနေကြရတာလို့ ဆိုပါတယ်။

ကင်းတော်၊ ကိုင်းပြင်၊ လက်ပန်တော၊ ဥယျာဉ်နဲ့ မြစ်သာရွာတွေကိုတော့ စစ်ကောင်စီ တပ်သားတွေ မီးရှို့နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကြောင်းက မန္တလေး၊ ငါန်းဇွန်ဘက်နေ စစ်ကိုင်းမြို့နယ်ထဲကို ရေယာဉ်နဲ့ ကူးလာ တာ။ စစ်ကြောင်း နှစ်ကြောင်းခွဲပြီး ရွာတွေထဲ တစ်ပြိုင်တည်း စစ်ကြောင်းထိုးလာလို့ ထွက်ပြေးနေရတယ်”

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဘယ်တပ်ကလဲဆိုတာနဲ့ အင်အား ဘယ်လောက်ပါလဲဆိုတာတော့ တိတိကျကျ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒီနေ့ စစ်ကြောင်းထိုးလာတာချိန် တိမ်းရှောင်ရင်း မြင်းဆည်ရွာက အသက် ၅၀ ဝန်းကျင် အမျိုးသားတစ်ဦး သေနတ်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားတောင်တိုက်နယ်ထဲမှာလည်း ဇွန်လ ၁၃ ရက်ကနေ ၁၇ ရက်အထိ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ရွာတွေမီးရှို့နေလို့ ရွာခုနစ်ရွာက ဒေသခံ တစ်သောင်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။

စစ်ကိုင်းမြို့နယ်ထဲမှာ ယာယီစစ်ဘေးဒုက္ခသည်တွေရှိသလို အမြဲတမ်း နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်တွေလည်း ရှိလာပြီလို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတစ်ဦးကတော့ စစ်ကိုင်းမြို့နယ်ထဲက စစ်ဘေးဒုက္ခသည်တွေဟာ ရက်တို နေရပ်စွန့်ခွာရတာ အခက်အခဲမရှိပေမယ့် ရက်ရှည် ကာလကြာ နေရပ်စွန့်ခွာရတဲ့အခါ စားနပ်ရိက္ခာနဲ့ နေထိုင်စရာအခက်အခဲရှိလာတယ်လို့ RFA ကို ပြောထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲက ဒေသခံ ၇၆၅,၂၀၀ ဦး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org