စစ်ကိုင်းမြို့နယ်က ရွာတချို့ စီးနင်းခံရပြီး ၂၀ ဦး အသတ်ခံရ
စစ်ကိုင်းမြို့နယ်က ရွာတချို့ကို စစ်တပ်က စီးနင်းခဲ့ပြီးနောက် PDF အဖွဲ့ဝင် ၁၇ ဦးနဲ့ အရပ်သား သုံးဦး စုစုပေါင်း ၂၀ ဦး အသတ်ခံလိုက်ရပါတယ်။
-
RFA Burmese
2023-06-27 -
-
-
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်က ရွာတချို့ကို ဇွန်လ ၂၅ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့ဝင် ၁၇ ဦးနဲ့ အရပ်သား သုံးဦး စုစုပေါင်း ၂၀ ဦး အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
အင်အား ၅၀ ခန့်ပါတဲ့ စစ်ကောင်စီတပ်သားတွေက ဇွန်လ ၂၅ ရက် မနက်အစောပိုင်းမှာ ဧရာဝတီ မြစ်ကမ်းဘေး၊ ကင်းတော်ရွာ အရှေ့ဘက်မှာရှိတဲ့ ယာယီ PDF စခန်းကို စီးနင်းခဲ့ပြီး တပ်ဖွဲ့ဝင် ၁၇ ဦး သတ်ဖြတ်သွားတာလို့ စစ်ကိုင်းမြို့နယ် PDF တပ်ဖွဲ့ ဒုတိယခေါင်းဆောင်က RFA ကို ပြောပါတယ်။
“မနက်အစောကြီးမှာ မော်တော်နဲ့ ကမ်းကိုကပ်ပြီး စခန်းကို စီးသွားတာ၊ မနက် ငါးနာရီခွဲဆိုတော့ ကင်းလွတ်သွားတဲ့ အချိန်ပေါ့။ အဲဒီအချိန်မှာပဲ အကုန် အသတ်ခံလိုက်ရတယ်”
အခုအသတ်ခံရတဲ့ PDF တပ်ဖွဲ့ဝင်တွေဟာ စစ်ကိုင်းတိုင်း ငါန်းဇွန်မြို့နယ်က တပ်ဖွဲ့ဝင်တွေဖြစ်ပြီး စစ်ရေးလှုပ်ရှားမှုနဲ့ စစ်ကိုင်းမြို့နယ်ထဲမှာ ယာယီစခန်းချထားစဉ် ရုတ်တရက် ဝင်ရောက်စီးနင်းခံရတာလို့ သူက ပြောပါတယ်။
သေဆုံးတဲ့ တပ်ဖွဲ့ဝင်တွေဟာ အသက် ၂၀ ကနေ ၃၀ ဝန်းကျင် အမျိုးသား ၁၄ ဦးနဲ့ အမျိုးသမီး သုံးဦးဖြစ်ပြီး မျက်နှာတွေ ကြေမွတဲ့အထိ နှိပ်စက် ညှဉ်းပန်းပြီးမှ အသတ်ခံထားရတာကို တွေ့ရတယ်လို့ ပြောပါတယ်။ ရုပ်အလောင်းတွေကို ဇွန်လ ၂၅ နဲ့ ၂၆ ရက် နှစ်ရက်ခွဲပြီး သင်္ဂြိုဟ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ကိုင်းဒေသခံတစ်ဦးကလည်း PDF ယာယီစခန်း စီနင်းခံရတာ မှန်ကန်ပြီး စခန်းအနီးတစ်ဝိုက်မှာ ရုပ်အလောင်း ၁၅ လောင်းနဲ့ ဧရာဝတီမြစ်ကမ်းဘေးမှာ နှစ်လောင်း ထပ်မံတွေ့ရှိရတယ်လို့ RFA ကို အတည်ပြုပြောဆိုပါတယ်။
“သေဆုံးတာ PDF ၁၇ ဦးအထိ ရှိလာတယ်။ စခန်းအနီး မြစ်ကမ်းစပ်ဘေးမှာ အလောင်းနှစ်ခု ထပ်တွေ့တာပေါ့။ အရပ်သားကတော့ သေဆုံးတာ ထပ်မတိုးဘူး သုံးဦးပါပဲ”
အရပ်သား သုံးဦးကတော့ ဇွန်လ ၂၅ ရက်နေ့မှာပဲ ကင်းတော်၊ ဥယျာဉ်၊ မြင်းဆည်နဲ့ လက်ပန်တော အပါအဝင် ကျေးရွာ ခုနစ်ရွာကို စစ်သားတွေ ဆက်တိုက်ဝင်ရောက်စီးနင်းစဉ် နေအိမ်တွေမှာပဲ ပစ်သတ်ခံလိုက်ရတာလို့ သူက ပြောပါတယ်။
အသတ်ခံရတဲ့ အရပ်သား သုံးဦးကတော့ ကင်းတော်ရွာက အသက် ၃၇ နှစ်အရွယ် ကိုမြင့်ကျော်သူ နဲ့ အသက် ၅၀ အရွယ် ဦးမောင်စန်း၊ မြင်းဆည်ရွာက အသက် ၆၉ နှစ်အရွယ် ဦးပေါက်စ တို့ ဖြစ်ပါတယ်။ ဦးပေါက်စရဲ့ ဇနီးဖြစ်သူလည်း ပျောက်ဆုံးနေပြီး အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးလည်း သေနတ်ကျည်ထိမှန်ပြီး ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
ဇွန်လ ၂၅ ရက်နေ့က လက်ပန်တောရွာ စီးနင်းခံရစဉ် နေအိမ် အလုံး ၁၀၀ နီးပါး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
ကင်းတော်ရွာနဲ့ ဥယျာဉ်ရွာအနီးက PDF စခန်းတွေကို စီးနင်းခဲ့ပြီး အလောင်းတချို့၊ စနိုက်ပါသေနတ်တစ်လက် အပါအဝင် သေနတ် ၁၅ လက်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဇွန်လ ၂၆ ရက်ထုတ် စစ်ကောင်စီရဲ့ သတင်းစာတွေက ဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကတော့ ၂၀၂၃ ခုနှစ်၊ မေလ အတွင်းမှာတင် အမှတ် (၁) စစ်ဒေသဖြစ်တဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ PDF တပ်ဖွဲ့ဝင် ၄၁ ဦး သေဆုံးခဲ့ကြောင်း ဇွန်လအစောပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။