တရားမဝင်သစ်ကားကို ငွေယူပြီး လွှတ်ပေးတဲ့ကိစ္စ ခုံရုံးဖွဲ့စစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့မှာ တရားမဝင်သစ်ကားကို သစ်တော ဝန်ထမ်းတွေက ဖမ်းမိပြီးနောက် အခကြေးငွေယူပြီး ပြန်လွှတ်ပေးလိုက်တာကြောင့် ခုံရုံးဖွဲ့ စစ်ဆေးဖို့ တင်ပြထားတယ်လို့ ကသာခရိုင်သစ်တောဦးစီးဌာန ဌာနမှူး ဦးသန်းဆင့်က ဒီနေ့ ပြောပါတယ်။
-
2018-06-04 -
-
-
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့မှာ တရားမဝင်သစ်ကားကို သစ်တောဝန်ထမ်းတွေက ဖမ်းမိပြီးနောက် အခကြေးငွေယူပြီး ပြန်လွှတ်ပေးလိုက်တာကြောင့် ခုံရုံးဖွဲ့စစ်ဆေးဖို့ တင်ပြထားတယ်လို့ ကသာခရိုင်သစ်တောဦးစီးဌာန ဌာနမှူး ဦးသန်းဆင့်က ဒီနေ့ ပြောပါတယ်။
သစ်ကားတွေ့တာကိုတော့ ဝန်ခံထားပြီး တရားမဝင်သစ်ပါတယ်၊ မပါဘူးဆိုတာကိုတော့ ငြင်းဆိုထားပေမယ့် အထောက်အထားတွေရှိနေတယ်လို့ ဦးသန်းဆင့်က ပြောပါတယ်။
"သစ်ကားတွေ့တယ်။ တွေ့တာကို သူတို့စစ်ဆေးတယ်။ စစ်ဆေးတဲ့ဟာအပေါ်မှာတော့ တခြားသက်သေတွေ လည်း ရှိတဲ့အခါကျတော့ တရားမဝင်သစ်ကားတွေ့တဲ့ဟာကိုတော့ ဝန်ထမ်းတွေ တွေ့ကြောင်းပေါ့နော်။ သစ်ပါတယ် မပါဘူးဆိုတာကတော့ သူတို့က ငြင်းထားတာပေါ့။ သို့သော်လည်း ကျနော်တို့က အထောက် ထားပြည့်စုံတဲ့အတွက်ကြောင့် ဒီဟာကို ခုံဖွဲ့စစ်ဆေးဖို့တော့ အပေါ်ကို တင်ပြထားတယ်။ မှန်နေတယ်လို့ ယူဆရတာပေါ့နော်။ အထောက်ထားတစ်ခုလည်း ထပ်ရထားတာပေါ့"
သစ်ကားကို စစ်ဆေးတဲ့အခါမှာ သစ်တောဝန်ထမ်း ၃ ယောက်ပါဝင်ပြီး ရဲဝန်ထမ်းတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိတဲ့ တရားမဝင်သစ်တွေ တင်ဆောင်လာတဲ့ကားကို ငွေယူပြီးပြန်လွှတ်လိုက်တယ်ဆိုတဲ့ သတင်းဟာ ဖေ့ဘွတ်စ် အင်တာနက်စာမျက်နှာတွေမှာ တွေ့ရှိတာကြောင့် မေလ ၂၉ ရက်နေ့ကနေစပြီး ၃ ရက်ကြာ စစ်ဆေးမေးမြန်းခဲ့တာလို့ ပြောပါတယ်။
အဲဒီဝန်ထမ်းတွေကို ခုံရုံးဖွဲ့ပြီး စစ်ဆေးဖို့အတွက် မနေ့က စာတင်လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်းမှာလည်း ပြီးခဲ့တဲ့ဧပြီလ ၂၆ ရက်နေ့က တရားမဝင် သစ်သယ်ဆောင်လာသူနှစ်ဦးကို ဖမ်းမိထားရာကနေ ပြန်လွှတ်ပေးလိုက်ပြီး ပိုင်ရှင်မဲ့အဖြစ် ပြောင်းလဲအမှုဖွင့်ဖို့ စီစဉ်ခဲ့တဲ့ကိစ္စ ဖြစ်ပေါ်ခဲ့ပါတယ်။