ရွှေဝါရောင်သံဃာတွေ ကိုဗစ်ကာကွယ်ဆေးအတွက် အလှူငွေကောက်ခံ

ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ အထက်မြန်မာပြည် သံဃာတော်တွေ ဦးဆောင်ပြီး ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရေးအတွက် အလှူငွေကောက်ခံတဲ့ လှုပ်ရှားမှုကို မနေ့က စတင်ခဲ့ရာမှာ အနယ်နယ် အရပ်ရပ်က သံဃာတွေ ပြည်သူတွေက တယ်လီဖုန်း ငွေလွှဲစနစ်နဲ့ အလှူငွေအများအပြား ပေးပို့နေကြတယ်လို့ သိရပါတယ်။

ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရေး လှူဒါန်းဖို့ အလှူငွေကောက်ခံရန် ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့ကြတဲ့ အထက်မြန်မာပြည်က သံဃာတော်များ ၂ဝ၂၁ ဇန်နဝါရီ ၁၃ ရက်နေ့က မန္တလေးမြို့တွင် တွေ့ဆုံခဲ့ကြစဉ်။ Photo: Sobhita/Facebook

၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးမှာ ဦးဆောင်ပါဝင်ခဲ့ကြတဲ့ အထက်မြန်မာပြည်က ဆရာတော်တချို့ မန္တလေးမြို့ရှိ မင်္ဂလာမြန်မာကျောင်းတိုက်မှာ မနေ့ကတွေ့ဆုံပြီး ကိုဗစ်ကာကွယ်ဆေးဝယ်ယူရေး အတွက် နိုင်ငံတော်ကိုလှူဒါန်းဖို့ အလှူငွေကောက်ခံရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ ကမကထပြု ဆောင်ရွက်တဲ့ အလင်္ကာကြယ်ဆရာတော် အရှင် သောဘိတက သူတို့ဆရာတော်တွေ ကနဦးထည့်ဝင်ငွေက ကိုးသိန်းဖြစ်တယ်လို့ RFA ကို မိန့်ပါတယ်။

“ဒီနေ့ ဦးဇင်းတို့ရဲ့ မင်္ဂလာမြန်မာကျောင်းမှာ ရွှေဝါရောင်ဆရာတော်တွေအပါအဝင် ဆရာတော် ဦးပညိဿရာလင်္ကာရကိုလည်း ပင့်ပြီးတော့ အစည်းအဝေးထိုင်တယ်။ အစည်းအဝေးထိုင်ပြီး တခါတည်းနဲ့ တတ်နိုင်သမျှ အလှူငွေထည့်ပြီးတော့ လိုင်းပေါ်ကနေပြီးတော့ ဒကာ ဒကာမတွေ အလှူငွေတွေစုပြီး လှူမယ်ဆိုပြီး ဒီနေ့ စတင်လိုက်ခြင်းဖြစ်ပါတယ်။ တင်ပြီးပြီးချင်း တမိနစ်အတွင်းမှာပဲ အလှူရှင်တဦး လှမ်းဆက်သွယ်ပြီးလှူတယ် တောက်လျှောက်ပဲ။ တချို့ကတော့ wave moneyနဲ့ ပို့တယ်၊ များသောအားဖြင့် K Pay ကနေပြီးတော့ ဦးဇင်းက ဖုန်းနံပါတ်တင်လိုက်တော့ အဲဒီဖုန်းနံပါတ်မှာ K pay ရှိတော့ ဆက်သွယ်ကြတယ်။ ဦးဇင်းတို့ ညနေ ၆ နာရီခွဲကနေ စတင်အလှူခံလိုက်တာ အခု ၂ နာရီအတွင်းမှာ အလှူခံရရှိငွေ သိန်း ၂ဝ ကျော်သွားပါပြီ။ ဝမ်းသာစရာကောင်းတာက အခု အလှူစာရင်းဖွင့်တဲ့အခါ ဆရာတော်တော်တော်များများ လှမ်းပြီး လှူကြတယ်။ နယ်တွေမှာကျောင်းထိုင်တဲ့ ဆရာတော်တွေ၊ ဦးဇင်းနဲ့ တခါမှ မတွေ့မမြင်ဖူးတဲ့ ဆရာတော်တွေ အများကြီးပဲ။ တော်တော်လေး အားရှိရတယ်။ တက်တက်ကြွကြွ နဲ့တတ်နိုင်သမျှလှူမယ် ပြောတဲ့ အသံတွေဟာ တကယ့်ကို ပီတိဖြစ်စရာကောင်းပါတယ်။ အဲဒီဆရာတော်တွေကိုလည်း အင်မတန် ကျေးဇူးတင် ဝမ်းသာရပါတယ်လို့ ပြောချင်ပါတယ်။”

အလှူငွေထည့်ဝင်လိုတဲ့ ရဟန်းရှင်လူမည်သူမဆို အလင်္ကာကြယ်ဆရာတော်ရဲ့ ဖုန်းနံပါတ် ဝ၉ ၇၇၇၇ ၂၂၂ ၉၉ ကို ဆက်သွယ်နိုင်ပါတယ်။ ဒီလှုပ်ရှားမှုမှာ ပါဝင်တဲ့ ဆရာတော် အရှင်ပညိဿရာလင်္ကာရကလည်း -

“နိုင်ငံတော်အစိုးရက ဦးဇင်းတို့ နိုင်ငံတော်နိုင်ငံသားအားလုံးအတွက် ကိုဗစ်ကာကွယ်ဆေးတွေ ဝယ်ယူရေးဆိုပြီး ရန်ပုံငွေတွေ စုဆောင်းနေတယ်။ အလှူခံနေတယ်။ အဲဒီမှာ ဦးဇင်းတို့ကလည်းပဲ နိုင်ငံသူ နိုင်ငံသားတွေနဲ့ အတူ တစိတ်တဝမ်းတည်း ရှိနေတယ်ဆိုတဲ့ အနေအထားကို ပြသချင်တယ်။ နောက်ပြီးတော့ ဦးဇင်းတို့က နိုင်ငံတော်အစိုးရက ဆောင်ရွက်နေတဲ့ ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရေး စီမံကိန်းမှာ အုတ်တချပ် သဲတပွင့်ဖြစ်စေ ပြည်သူတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ချင်တဲ့ စိတ်ထားကြောင့် သံဃာအချင်းချင်း ဦးဇင်းတို့ ညှိနှိုင်းပြီးတော့ ပါဝင်ခဲ့ကြတယ်။ ဦးဇင်းကလည်း နဝကမ္မ ၁ သိန်း ဒီကနေ့ လှူဒါန်းခဲ့ပါတယ်”

ကိုဗစ်ကာကွယ်ကုသရေးမှာ တပါးချင်းပါဝင်ကူညီနေတဲ့ ဆရာတော်တွေလည်း အများအပြားရှိပါတယ်။ အဲဒီကိုယ်တော်တွေထဲမှာ မန္တလေး ရန်ကင်းတောင်ခြေက ဥယျာဉ်ဆရာတော် ဒေါက်တာ ဘန္ဒန္တဇောတိကလည်း ပါဝင်ပါတယ်။

“မနှစ်က ပထမလှိုင်း ရန်ကုန်မှာဖြစ်နေပြီဆိုတော့ တို့လှူရအောင်ဆိုပြီး သံဃာတွေ ဒါယိကာ ဒါယိကာမတွေနဲ့ တိုင်ပင်ပြီး သိန်း ၁ဝဝ လှူလိုက်တာ။ နောက်တခါ ဒုတိယလှိုင်းဖြစ်ပြန်ပြီဆိုတော့တခါ ဟာ ဒုတိယလှိုင်း ဖြစ်လာပြန်ပြီတဲ့ဟေ့ လှူကြဦးစို့လိုဆိုပြီး သိန်း ၁ဝဝ ထပ်လှူတယ်။ ၂ဝဝ ရှိသွားပြီ။ အခုတခါကတော့ ကိုဗစ်ကာကွယ်ဆေး လှူဖို့ ထပ်လှူမှာ။ သိန်း ၁ဝဝ စုလို့ ပြည့်ပြီ။ လာမယ့် တနင်္လာနေ့ လှူမယ်။”

မန္တလေးကို ရောက်ရှိနေတဲ့ ရွှေညဝါဆရာတော်ကလည်း မနေ့က နေ့လည်ပိုင်းမှာ ဝန်ကြီးချုပ်ဇော်မြင့်မောင်နဲ့ တွေ့ဆုံလှူဒါန်းခဲ့သလို ရွှေဝါရောင်ဆရာတော်တွေရဲ့ လှုပ်ရှားမှုမှာလည်း ပါဝင်လှူဒါန်းခဲ့တယ်လို့ မိန့်ကြားပါတယ်။

“ဒကာကြီး ဦးဇော်မြင့်မောင်နဲ့ အရင်ကတည်းက ရင်းနှီးပြီးသားဆိုတော့ ကိုဗစ်ကာကွယ်ရေး တိုက်ဖျက်ရေးနဲ့ ထိန်းချုပ်ရေးအတွက် ဆေးအတွက် လိုအပ်တဲ့နေရာမှာ သုံးလိုက်ဆိုပြီးတော့ လှူလိုက်တာပါ။ အဲဒီ မှာ ၁၅ သိန်း လှူခဲ့တယ်။ ရွှေဝါရောင်သံဃာတော်တွေနဲ့ ပူးပေါင်းပါဝင်ပြီးတော့ ရင်ဘတ်တူတွေ အချင်းချင်း အားပေးကူညီတဲ့ အနေနဲ့ ၁ သိန်း လှူခဲ့တယ်။ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးမြင့်နိုင်ကိုလည်း ၁ဝ သိန်း လှူခဲ့တယ်။ ကိုဗစ်အတွက်”

မနေ့ညနက်ပိုင်းအထိ အလှူငွေ သိန်း ၃ဝ နီးပါး ရရှိပြီလို့ အလင်္ကာကြယ် ဆရာတော်က မိန့်ကြားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org