စစ်တပ်နဲ့ AA လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေကြောင်း အစီရင်ခံစာတစ်စောင်ထုတ်

ရိုဟင်ဂျာတွေအပေါ် ဒုတိယအကြိမ် လူမျိုးတုံးသတ်ဖြတ်မှု ဆက်လက်ဖြစ်ပွားနေတာ တွေ့ရတယ်လို့ Rohingya FDMN Representative Committee အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မောင်ကျော်မြင့်က ပြောပါတယ်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များက လူမျိုးတုံးသတ်ဖြတ်မှု (၆) နှစ်မြောက်နေ့ အထိမ်းအမှတ် ကျင်းပစဉ်။ TANBIR MIRAJ / AFP

Updated 08:01 PM, April 28,2024

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖေဖော်ဝါရီ ၁၇ ရက်ကနေ ဧပြီ ၂၅ ရက်နေ့အထိ နှစ်လကျော်အတွင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့က ရိုဟင်ဂျာ ၁၁၄ ဦးကို
သတ်ဖြတ်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် မြန်မာအမျိုးသားရိုဟင်ဂျာကိုယ်စားပြုကော်မတီ (Rohingya Forcibly Displace Myanmar National Representative Committee) က ဧပြီ ၂၇ ရက်နေ့မှာ အစီရင်ခံစာတစ်စောင် ထုတ်လိုက်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် ဒုတိယအကြိမ် လူမျိုးတုံးသတ်ဖြတ်မှု ဆက်လက်ဖြစ်ပွားနေတာ တွေ့ရတယ်လို့ Rohingya FDMN Representative Committee အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မောင်ကျော်မြင့်က ပြောပါတယ်။

"စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့မှာ ထိခိုက်လွယ်တဲ့ ရိုဟင်ဂျာတွေအပေါ် ပစ်မှတ်ထားတဲ့ ဒုတိယမြောက် လူမျိုးတုံးသတ်ဖြတ်မှုကို ကျွန်တော်တို့ ရှုတ်ချပါတယ်၊ ကျွန်တော်တို့ လူမျိုးစုအပေါ်၊ အခြားလူမျိုးစုအပေါ် ပစ်မှတ်ထား ဖိနှိပ်တဲ့အပေါ် ရှုတ်ချပါတယ် အခုလက်ရှိအခြေအနေမှာ ဖေဖော်ဝါရီ ၁၇ ကနေ ဒီနေ့အထိပေါ့ ပစ်မှတ်ထားတဲ့ပြည်သူကို ကျွန်တော်တို့ တတ်နိုင်သလောက် စုစည်းပြီးတော့ ထည့်နိုင်သလောက် ထည့်ထားတဲ့ စာရင်းဖြစ်ပါတယ်၊ ရိုဟင်ဂျာ ၁၁၄ ယောက်၊ ရခိုင် နှစ်ယောက် သတ်ခဲ့ပါတယ်၊ နောက် ရိုဟင်ဂျာ ၁၀၆ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်၊ ရိုဟင်ဂျာ ၈၃ ဦးကို မတရား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်၊ ရိုဟင်ဂျာ ၄၆၀ ဦးကို သူတို့ မဟုတ်မမှန် စွပ်စွဲပြီး ဖမ်းဆီးသွားခဲ့ပါတယ်၊ အဲလိုမျိုး လူအခွင့်အရေးချိုးဖောက်နေတဲ့ အခြေအနေမှာ မည်သည့်ပါတီကိုမှ ကျွန်တော်တို့ လက်ခံစရာ မရှိဘူး၊ လူ့အခွင့်အရေး ချိုးဖောက်မှုကို နိုင်ငံတကာဥပဒေကို ဂျနီဗာကွန်ဗန်းရှင်းကို ချိုးဖောက်နေတဲ့အတွက် ကျွန်တော်တို့ ဒီအစီရင်ခံစာကို ထုတ်ခဲ့ပါတယ်ဗျ"

ရိုဟင်ဂျာတွေကို စစ်ကောင်စီဘက်ကရော AA ကပါ လူသားဒိုင်းအဖြစ် အသုံးပြုနေတဲ့ အထောက်အထားတွေ ရရှိထားတယ်လို့လည်း ဆိုပါတယ်။

သူတို့ရရှိထားတဲ့အချက်အလက်တွေအရ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ မင်းပြားနဲ့ ကျောက်ဖြူမြို့နယ်တွေမှာ သတ်ဖြတ်ခံရတာဖြစ်ပါတယ်။

အများစုကတော့ လူသားဒိုင်းအဖြစ် အသုံးပြုခံရချိန်မှာ သတ်ဖြတ်ခံရပြီး AA တပ်တွေ ကျေးရွာထဲဝင်ချိန်မှာ မသင်္ကာလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ဖမ်းဆီးသွားပြီးနောက်မှ အလောင်းပြန်ရတာမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။ ဒီအစီရင်ခံစာကို နိုင်ငံတကာအဖွဲ့အစည်းတွေဆီ ပေးပို့ခဲ့တယ်လို့လည်း ပြောပါတယ်။

ရက္ခိုင့်တပ်တော် (AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကတော့ အဲဒီအစီရင်ခံစာဟာ လုပ်ကြံဖန်တီးထားတဲ့ အချက်အလက်တွေနဲ့ စွပ်စွဲတိုက်ခိုက်နေတာဖြစ်လို့ ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်လို့ RFA ကို ဧပြီလ၂၈ ရက်နေ့မှာ ပြန်လည်ဖြေဆိုပါတယ်။

“အကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့ ARSA၊ ARA၊ RSO နဲ့ သူ့ရဲ့ဆက်စပ်အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ ဘာသာရေး အစွန်းရောက်မူဝါဒတွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်၊ လူ့အခွင့်အရေးကို အရေခြုံပြီးတော့ Genocide (လူမျိုးတုံး သတ်ဖြတ်မှု) ဆိုတဲ့စကားကို လက်နက်တစ်ခုသဖွယ် အသုံးချလာတာ တွေ့ရတယ်။ ဒါဟာ လူမျိုးတစ်ခုနဲ့တစ်ခုကြား ဖြေရှင်းမရတဲ့ ရှုတ်ထွေးမှုတွေဆီကို ဦးတည်သွားစေနိုင်တဲ့ကိစ္စ ဖြစ်တယ်။ ဒီလို Genocide အတုတွေကို ခုတုံးလုပ်ပြီးတော့ လုပ်စားနေတဲ့အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေကို အမှန်တရားမြတ်နိုးတဲ့ မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းဝန်းဆန့်ကျင်တားဆီးကြဖို့ လိုအပ်ပါတယ်”

ပြီးခဲ့တဲ့ရက်ပိုင်းက မောင်တောမှာ ရိုဟင်ဂျာတွေကို AA က သတ်ဖြတ်တယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ မေးမြန်းရာမှာတော့ ဒေသခံတွေကို ဖမ်းဆီးတာမရှိသလို သုံ့ပန်းတွေကိုတောင် ဥပဒေမဲ့ သတ်ဖြတ်တာမျိုး မလုပ်ဘူးလို့ ဦးခိုင်သုခက ပြောဆိုထားပါတယ်။

ဒီအစီရင်ခံစာပါ အချက်အလက်တွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

အစီရင်ခံစာ ထုတ်ပြန်တဲ့ Rohingya Forcibly Displace Myanmar National Representative Committee မှာ ၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ပါဝင်ပြီး ကော့ဘဇားအခြေစိုက် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk ကလည်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ အရပ်သားပြည်သူတွေရဲ့ လုံခြုံရေး စိုးရိမ်စရာဖြစ်နေပြီး၊ ရိုဟင်ဂျာတွေကို နောက်တစ်ကြိမ် ကြောက်မက်ဖွယ်ရာ နှိပ်စက်သတ်ဖြတ်မှုတွေ ပေါ်ပေါက်မလာအောင် ဝိုင်းဝန်းဖိအားပေးကြဖို့ နိုင်ငံတကာ အသိုင်းအဝန်းကို ပြီးခဲ့တဲ့ဧပြီ ၁၉ ရက်နေ့မှာ တိုက်တွန်းထားပါတယ်။ AA ဘက်ကတော့ ကုလမဟာမင်းကြီးရဲ့ ပြောဆိုချက်တွေဟာ အချက်အလက်မှားယွင်းနေပြီး ဘက်လိုက်တဲ့စွပ်စွဲချက်တွေဖြစ်တယ်လို့ တုံ့ပြန်တဲ့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

(မှတ်ချက်။ ဤသတင်းနှင့်ပတ်သက်၍ "Rohingya FDMN Representative Committee အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မောင်ကျော်မြင့်ပြောကြားချက်ထဲမှ ရိုဟင်ဂျာ ၈၃ ဦးကို အဓ္ဓမပြုကျင့်ခဲ့ပါတယ်"ဆိုသည့်နေရာအား "ရိုဟင်ဂျာ၈၃ ဦးကို မတရားဖမ်းဆီးခေါ်ဆောင်သွား"ကြောင်းပြင်ဆင်ထားပြီး AA ပြောခွင့်ရသူရဲ့ တုံ့ပြန်ချက်ကို ဖြည့်စွက်ရေးသားထားပါသည်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org