ဒုက္ခသည်တွေ ပြန်လက်ခံရေး မအောင်မြင်တာ စိတ်မကောင်းကြောင်း ရုရှားအစိုးရ ပြော
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်လည်ခေါ်ယူရေးလုပ်ငန်းစဉ် မအောင်မြင်သေးတာကို ရုရှားနိုင်ငံအနေနဲ့ စိတ်မကောင်းဖြစ်မိကြောင်း ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး က ပြောလိုက်ပါတယ်။
-
2018-11-24 -
-
-
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်လည်ခေါ်ယူရေးလုပ်ငန်းစဉ် မအောင်မြင်သေးတာကို ရုရှားနိုင်ငံအနေနဲ့ စိတ်မကောင်းဖြစ်မိကြောင်း ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး က ပြောလိုက်ပါတယ်။
ရုရှားနိုင်ငံ မော်စကိုမြို့မှာ နိုဝင်ဘာလ ၂၂ ရက်နေ့က စာနယ်ဇင်းသမားတွေနဲ့ တွေ့ဆုံရာမှာ ရုရှား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်တာလို့ ရန်ကုန်မြို့ရှိ ရုရှားသံရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ် အရေးကိစ္စတွေဟာ အစွန်းရောက်သူတွေရဲ့ လုပ်ရပ်ကြောင့်ဖြစ်ပြီး ဒီကိစ္စအပေါ်မှာ မွတ်စလင် ဘာသာဝင်တွေရဲ့ ချဲ့ကားဖန်တီးထားတဲ့ အတုအယောင်တွေနဲ့ မြန်မာအစိုးရအပေါ် ပြည်ပကနေ ဖိအားပေး ခြယ်လှယ်ဖို့ လုပ်ဆောင်နေတဲ့ အချက်ဖြစ်တယ်လို့လည်း ရုရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ဒုက္ခသည်တွေ ပြန်လည်ခေါ်ယူရေးကို မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက ဆက်လက်အကောင်အထည်ဖော်ဖို့ ကြိုးစားနေတာတွေကိုလည်း ထောက်ခံကြိုဆိုကြောင်း၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်များ၏ လမ်းညွှန်မှုနှင့်အညီ ဆက်လက်ပူးပေါင်းဆောင်ရွက်မယ်လို့ မျှော်လင့်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးကိစ္စကို အမြန်ဆုံးစတင်ဖို့နဲ့ ပြန်လာသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အပါအဝင် ရခိုင်ပြည်နယ်တွင်း နေထိုင်သူအားလုံး လုံခြုံရေးကိစ္စတွေကိုလည်း အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးကြောင်းလည်း ရုရှားနိုင်ငံက တိုက်တွန်းလိုက်ပါတယ်။