အင်ဒိုနီးရှားထွက်ဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာ ၆ဝ နီးပါးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေကနေ အင်ဒိုနီးရှားနိုင်ငံကို ထွက်ဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာ ၅၈ ယောက်ကို တက္ကနပ်မြစ်ဆိပ်ကမ်းမှာ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၂၄ ရက်နေ့ညပိုင်းမှာ ဖမ်းဆီးလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံကို ထွက်ဖို့ ကြိုးစားသည့် ရိုဟင်ဂျာ ၅၈ ဦးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ Teknaf ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်။ AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေကနေ အင်ဒိုနီးရှားနိုင်ငံကို ထွက်ဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာ ၅၈ ယောက်ကို တက္ကနပ်မြစ်ဆိပ်ကမ်းမှာ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၂၄ ရက်နေ့ညပိုင်းမှာ ဖမ်းဆီးလိုက်ပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ကိုးဦး၊ အမျိုးသမီး ၁၆ ဦး၊ ကလေး ၃၃ ဦးပါဝင်ပါတယ်။ သူတို့ကို လမ်းပြတဲ့ ဘင်္ဂလားဒေ့ရှ် လူကုန်ကူးသူ နှစ်ဦးလည်း ဖမ်းဆီးခံထားရတဲ့ အထဲမှာပါတယ်လို့ တက္ကနပ် (Teknaf) ရဲစခန်း အကြီးအကဲက နိုဝင်ဘာလ ၂၅ ရက်နေ့မှာ AFP ကို ပြောထားပါတယ်။

“သူတို့ဟာ တက္ကနပ်ကနေ လှေနဲ့ ရွက်လွှင့်ဖို့ လုပ်နေခဲ့ကြတာ။ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေကို သွားကြမှာပါ။ ၅၈ ယောက်လုံးကို ဒုက္ခသည်စခန်းတွေဆီ ပြန်ပို့ပါမယ်” လို့ ရဲအရာရှိက ပြောပါတယ်။

ဒီရိုဟင်ဂျာတွေဟာ စက်လှေနဲ့လိုက်ပါခွင့်ရဖို့ လူတစ်ဦးကို အမေရိကန်ဒေါ်လာ တစ်ထောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ လုံခြုံရေးအခြေအနေတွေ ဆိုးဝါးနေလို့ ဒုက္ခသည်တွေဟာ ရတဲ့နည်းနဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံဘက်ကို ထွက်ခွာဖို့ ကြိုးစားနေကြတာပါ။

ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ စာရင်းတွေအရ ဒီနှစ်ထဲ ဒုက္ခသည်စခန်းတွေမှာ အကြမ်းဖက်မှုတွေကြောင့် ဒုက္ခသည် ၆၀ လောက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂစာရင်းတွေအရ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်အတွင်း ရိုဟင်ဂျာအယောက် ၂ဝဝဝ ကျော် ပင်လယ်ပြင်ခရီးကို အသက်စွန့်ဖြတ်သန်းခဲ့ကြပြီး အဲဒီထဲက လူနှစ်ရာလောက် သေကျေပျောက်ဆုံးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org