ရိုဟင်ဂျာကိစ္စအတွက် ပါကစ္စတန်အစိုးရကို တာလီဘန်က ခြိမ်းခြောက်

ပါကစ္စတန်အစိုးရအနေနဲ့ အစ္စလာမ်မာဘတ်မြို့မှာရှိတဲ့ မြန်မာသံရုံးကို ပိတ်ပစ်ပြီး မြန်မာအစိုးရနဲ့ အဆက်အသွယ် မှန်သမျှကို ဖြတ်တောက် ရမယ်လု့ိ ပါကစ္စတန်နိုင်ငံမှာရှိတဲ့ TTP တာလီဘန်အဖွဲ့က တောင်းဆိုလိုက်ပြီး အဲဒီလို မဆောင်ရွက်ဘူးဆိုရင် မြန်မာနိုင်ငံမှာ မူစလင် ရိုဟင်ဂျာတွေကို နှိပ်ကွပ်နေမှုအတွက် မြန်မာနိုင်ငံကို မိမိတို့က တိုက်ခိုက်ရလိမ့်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

ဒါ့အပြင် တာလီဘန် TTP အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Ehsanullah Ehsan (အက်ဆန်အူလာ အက်ဆန်) က တကယ်လို့ မိမိတို့ တောင်းဆိုချက်တွေကို ပါကစ္စတန်အစိုးရက မဆောင်ရွက်ဘူးဆိုရင် မိမိတို့ အဖွဲ့အနေနဲ့ မြန်မာပြည်ရဲ့ အကျိုးစီးပွား မှန်သမျှကိုသာမက မြန်မာအစိုးရနဲ့ ဆက်ဆံနေတဲ့ ပါကစ္စတန် မှန်သမျှကိုလည်း တိုက်ခိုက်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ပါကစ္စတန်မှာ လုံခြုံရေးတပ်ဖွဲ့တွေ မကြာခဏ အတိုက်ခိုက်ခံနေရတာနဲ့ ပတ်သက်ပြီး TTP က သူတို့ အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ ဆိုပေမယ့် အဲဒီအဖွဲ့ရဲ့ အမှန်တကယ် စွမ်းဆောင်နိုင်စွမ်းကိုတော့ ဝေဖန်သူတွေက သံသယ ရှိနေကြပါတယ်။

အမေရိကန် အရာရှိတွေရဲ့ ပြောဆိုချက်အရ ၂၀၁၀ ခုနှစ်တုန်းက အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့လယ်ခေါင် Time Square မှာ ဗုံးခွဲဖို့ ကြိုးစားခဲ့တာဟာ အဲဒီ တာလီဘန် TTP အဖွဲ့ရဲ့ လက်ချက် ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင် ဟာကီမူလာ Hakimullah ကိုတော့ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်က အာဖဂန်နစ္စတန်မှာရှိတဲ့ အမေရိကန်စစ်စခန်းမှာ အသေခံ ဗုံးခွဲမှုတစ်ခုကြောင့် အမေရိကန် ဗဟိုထောက်လှမ်းရေး စီအိုင်အေ အဖွဲ့ဝင် ၇ ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုမှာ စွဲချက်တင်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org