ရိုဟင်ဂျာတွေ လုံခြုံစွာ နေရပ်ပြန်နိုင်ရေးစီစဉ်ဖို့ အမေရိကန် တိုက်တွန်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်နေတဲ့ ရိုဟင်ဂျာတွေ သူတို့နေရပ်ကို သူတို့ဆန္ဒအရ ပြန်ခွင့်ရဖို့ဆိုရာမှာ သူတို့နိုင်ငံသားဖြစ်ခွင့်ရရေး အာမခံချက်မရသေးနိုင်တဲ့အချက်က အဓိကကျနေပါတယ်။
-
2019-08-25 -
-
-
Your browser doesn’t support HTML5 audio
ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်နေတဲ့ ရိုဟင်ဂျာတွေ သူတို့နေရပ်ကို သူတို့ဆန္ဒအရ ပြန်ခွင့်ရဖို့ဆိုရာမှာ သူတို့နိုင်ငံ သားဖြစ်ခွင့်ရရေး အာမခံချက်မရသေးနိုင်တဲ့အချက်က အဓိကကျနေပါတယ်။
အရင်ဆုံးနေရပ်ပြန်လာကြပြီးမှသာ နိုင်ငံသားဖြစ်ခွင့်ရှိရေးကို ဆက်လက်လုပ် ဆောင်သွားပေးမှာ ဖြစ်တယ်လို့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ဒုက္ခသည်စခန်းတွေအထိ ရှင်းပြပေးခဲ့ပြီးဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
သြဂုတ်လ ၂၂ ရက်နေ့ ပြန်လည်လက်ခံရေးအစီအစဉ်မှာ ဒုက္ခသည်တွေ တစ်ဦးမှ ပြန်မရောက်လာကြသေးတဲ့ အတွက် မနေ့က အမေရိကန်အစိုးရက အဲဒီကြေညာချက် ထုတ်ပြန်ထားလိုက်တာပါ။
ဒါကြောင့် သူတို့ပြန်လာနိုင်ရေးနဲ့ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ မြန်မာအစိုးရကို ဆက်လက်တိုက်တွန်းဖို့အတွက် အမေရိကန်နိုင်ငံက နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဒါနဲ့ပတ်သက်ပြီး ကိုဖီအာနန်ကော်မရှင်မှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ ဦးအေးလွင်ကလည်း သူတို့အနေနဲ့ စိုးရိမ်စိတ်တွေရှိနေသေးလို့ မပြန်လာကြသေးတာဖြစ်မယ်လို့ မှတ်ချက်ပေးပါတယ်။
"သူတို့အိမ်ကို မပြန်လာချင်တဲ့အကြောင်းကတော့ သူတို့အတွက် စိုးရိမ်စိတ်တွေရှိနေလို့ပဲဖြစ်တယ်၊ နှစ်နိုင်ငံလည်း သဘောတူညီချက်တွေ ထိုးထားတယ် ပြန်လာမယ့်သူတွေကို NVC ထုတ်ပေးမယ်၊ NVC ဆိုတာက အထောက်အထားမရှိတဲ့သူတွေကို ထုတ်ပေးတာ ရှိတဲ့သူရော မရှိတဲ့သူရော ထုတ်ပေးမယ့် သဘောမျိုးပြောနေတယ် မိဘအဘိုးအဘွား အထောက်အထားရှိလည်း နိုင်ငံသားပဲပေးမယ် မပေးနိုင်ဘူး ဆိုတဲ့သဘောမျိုး ထွက်နေတဲ့အတွက် သူတို့မှာ အများကြီးအနှောင့်အယှက်ဖြစ်နေတာပါ"
တပ်မတော်ရဲ့လုပ်ရပ်ကြောင့် ရိုဟင်ဂျာ ခုနှစ်သိန်း လေးသောင်းကျော် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ရပြီး ဒီလုပ်ရပ်က လူမျိုးစု ရှင်းလင်းဖယ်ရှားမှုမြောက်တယ်လို့လည်း အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါနဲ့ပတ်သက်လို့ RFA က တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို မေးမြန်းခဲ့ရာမှာ လွန်ခဲ့တဲ့ ၂၀၁၇ သြဂုတ်လက မောင်တောဒေသမှာ အာဆာအကြမ်းဖက်အဖွဲ့တွေကို တပ်မတော်က နယ်မြေရှင်း လင်းခဲ့ပြီးနောက်ပိုင်း မောင်တောမြို့နယ်ထဲက မွတ်စလင်တွေဟာ တစ်ခြားလှုံ့ဆော်တွေကြောင့် ဘင်္ဂလားဒေ့ ရှ်နိုင်ငံဘက်ဆီ ရောက်သွားရတာလို့ ပြောပါတယ်။
"တပ်မတော်ကနေ နယ်မြေလုပ်လို့ပြေးတဲ့ဟာမှာ ၂၀၁၇ သြဂုတ် စစ်ဆင်ရေးနောက်ပိုင်းမှာ အာဆာနဲ့ပေါ့ စစ်ဆင်ရေးလုပ်ပြီးနောက်ပိုင်းမှသာ လှုံ့ဆော်မှုတွေကြောင့် ထွက်ပြေးကြတာ များပါတယ်လို့ ထောက်ပြချင် တယ်၊ ပဋိပက္ခဖြစ်ပွားချိန် ထွက်ပြေးတဲ့သူရှားပါတယ်"
အဲဒီမောင်တောဒေသ စစ်ဆင်ရေးဖြစ်စဉ်တွေအတွင်း ဖြစ်ပျက်ခဲ့တာတွေကိုလည်း တပ်မတော်က စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး လုပ်ဆောင်နေပြီး မကြာခင်မှာလည်း ထုတ်ပြန်ပါလိမ့်မယ်လို့ ပြောပါတယ်။
"အမေရိကန်က ဒီလိုပြောလာတဲ့အခါကျတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီးတော့ ပြဿနာတစ်ရပ်က ဘယ်သူ့ကြောင့်ဖြစ်ပွားရတာလဲဆိုတာကို တာဝန်ရှိသူက သက်သေခံချက်တွေနဲ့ တရားစွဲရန် ဖွ့ဲစည်းထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့လို့ ဆိုလိုပါတယ်၊ တပ်မတော် အက်ဥပဒေ နည်းဥပဒေနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်၊ ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ဟာကိုတော့ လေးစားဖို့သင့်တယ်လို့ ထင်တယ်၊ အဲ့လိုမျိုး လုပ်ဆောင်ဖို့ ကျွန်တော်တို့မှာ ဆန္ဒမရှိဘူး၊ ရည်ရွယ်ချက် မရှိခဲ့ဘူးဆိုရင် စကတည်းက ဖွဲ့စရာအကြောင်း မရှိဘူး၊ ဒါနဲ့ပတ်သက်ပြီး စတင်ဆောင်ရွက်တဲ့အချိန်မှာ လုပ်ဆောင်တဲ့အချိန်မှာ ထုတ်ပြန်တာတို့ လုပ်ပါလိမ့်မယ်"
တပ်မတော်ဟာ ရခိုင်ပြည်နယ်တစ်ခုတည်းတင် မဟုတ်ဘဲ ရခိုင်၊ ကချင်၊ ရှမ်းပြည်နယ်တွေ အပါအဝင်နဲ့ နိုင်ငံတဝှမ်းလုံးမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ ကစပြီး ဒီကနေ့အထိ ဖိနှိပ်နေတယ်လို့လည်း ပါရှိပါတယ်။
အဲဒီဖြစ်စဉ်တွေနဲ့ ပါဝင်ပတ်သက်သူတွေ လူ့အခွင့်အရေး လေးစားလိုက်နာကြဖို့အတွက်ကိုလည်း ထည့်သွင်းတိုက်တွန်းထားပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း လုပ်ဆောင်ရမယ့် အကြံပြုချက်တွေကို ကိုဖီအာနန်ကော်မရှင်က အချက်ပေါင်း ၈၀ ကျော်ကို မြန်မာအစိုးရဆီ တင်ပြထားပြီးဖြစ်လို့ အခုဆိုရင် နှစ်နှစ်တာကာလအတွင်း ရောက်နေပြီဖြစ်ပါတယ်။
အဲဒီအကြံပြုချက်တွေကိုလည်း ဆက်လက်အကောင်အထည်ဖော်ဖို့ အမေရိကန်အစိုးရက ဆက်လက်တိုက်တွန်းမယ်လို့ ကြေညာချက်ထဲမှာ ပါရှိပါတယ်။
အဲဒီအကြံပြုချက်တွေ အကောင်အထည်ဖော်နေတာတွေကို အားရမှုရှိရဲ့လားလို့ ကော်မရှင်အဖွဲ့ဝင် တစ်ဦးဖြစ်ခဲ့တဲ့ ဦးအေးလွင်ကိုမေးရာမှာ သူက အခုလို ပြောပါတယ်။
"လုပ်တာတွေတော့ တချို့လုပ်နေကြတယ်၊ အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာတို့ လမ်းဖောက်တာ တံတားဆောက်တာ အဓိကတော့ ဒီအုပ်စုနှစ်ခုကို သဟဇာတဖြစ်မယ့် လုပ်ငန်းတွေလုပ်ဖို့လိုအပ်တယ်၊ ဟိုဘက်ကို မသွားဘဲကျန်ခဲ့တဲ့ သူတွေရဲ့ အခြေအနေတွေ၊ အခွင့်အရေးတွေကို မြှင့်တင်ပေးတာကို ရသင့်ရထိုက်တယ်ဆိုတာကို မြင်သာ ထင်သာအောင် လုပ်ပေးတယ်ဆိုတာကို ဟိုဘက်ကသူတွေကလည်း ဒီဘက်က လူတွေကို ဘာလုပ်ပေးတယ် ဆိုတာကို စောင့်ကြည့်နေကြပါတယ်၊ ကျွန်တော်တို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေဟာ ပြန်လည်လေ့လာ သုံးသပ်သင့်ပါတယ်လို့ အကြံပေးထားတယ်၊ တည်ဆဲဥပဒေဖြစ်တဲ့ အတွက် ဒီအတိုင်းလုပ်ရမယ်ဆိုတာကိုလည်း အသိအမှတ်ပြုထားတယ်၊ လုပ်စရာတွေ လိုသေးတယ်လို့ပဲ ပြောပါရစေဗျာ"
ပြဿနာတွေဖြေရှင်းနိုင်ဖို့အတွက် အပြုသဘောဆောင်တဲ့ အချက်အလက်အမှန်တွေကို သေချာဆန်းစစ်ပြီး စစ်ဆေးတွေ့ရှိချက်တွေကနေ ခုလို တိုက်တွန်းထားတာတွေကို တစ်ဖက်ကလည်း လေးစားလိုက်နာပြီး လုပ်ဆောင်သင့်တယ်လို့ အကြံပြုကြပါတယ်။
(RFA သတင်းထောက် ကိုကျော်သူ ပေးပို့သည်)