ရိုဟင်ဂျာ ငါးဆယ်ဝန်းကျင် အင်ဒိုနီးရှားရောက်

မြန်မာနိုင်ငံမှာ ဖိနှိပ်မှုတွေ ရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာတွေဟာ အင်ဒိုနီးရှားကို ရောက်လာချိန်မှာ ဒေသခံတွေရဲ့ မလိုလားမှုတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားပြည်နယ်ကို ၂ဝ၂၄ ခုနှစ် မေလ ၂၃ ရက်နေ့က ရောက်ရှိလာကြသော ရိုဟင်ဂျာဒုက္ခသည်တချို့အား တွေ့ရစဉ်။ Photo: AFP

အင်ဒိုနီးရှားနိုင်ငံမြောက်ဘက်က ဆူမားတြားပြည်နယ်ကို ရိုဟင်ဂျာဒုက္ခသည် ငါးဆယ်ဝန်းကျင် မေလ ၂၃ ရက်နေ့က ရောက်လာတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ရောက်ရှိလာတဲ့ ဒုက္ခသည်တွေရဲ့ အချက်အလက်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒေသဆိုင်ရာအာဏာပိုင်တွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဖိနှိပ်မှုတွေ ရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာတွေဟာ အင်ဒိုနီးရှားနိုင်ငံကို လှေစီးဒုက္ခသည်တွေအဖြစ် ရောက်ရှိလာချိန်မှာလည်း ဒေသခံတွေရဲ့ မလိုလားမှုတွေ ကြုံနေရတယ်လို့လည်း ရိုက်တာက ဖော်ပြပါတယ်။

ဆူမားတြားပြည်နယ်က တခြားဒေသတစ်ခုကို ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ရိုဟင်ဂျာဒုက္ခသည် ၁၄ဝ ကျော် ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ UNHCR စာရင်းတွေအရ ပြီးခဲ့တဲ့နှစ်က ရိုဟင်ဂျာဒုက္ခသည် ၂၃ဝဝ ကျော် အင်ဒိုနီးရှားကို ရောက်ရှိလာပြီး ဒါဟာ လွန်ခဲ့တဲ့လေးနှစ်တာအတွင်း စုစုပေါင်းဝင်ရောက်တဲ့ အရေအတွက်ထက် ပိုများတယ်လို့ ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org