ရိုဟင်ဂျာတွေအတွက် ဒိန်းမတ်လှူငွေ ခရိုနာ သန်း ၃ဝဝ ကျော်ပြီ

ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးရေးဝန်ကြီး အူးလက်တိုနေစ် (Ulla Tornaes) ဦးဆောင်တဲ့အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို ကူညီရေးအတွက် WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် အကြီးအကဲနဲ့အတူ ဒီရက်ပိုင်းအတွင်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသက ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က တွေ့ရစဉ် Photo: Dibyangshu SARKAR / AFP

ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးရေးဝန်ကြီး Ulla Tornaes အူးလက် တိုနေစ် ဦးဆောင်တဲ့အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို ကူညီရေးအတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP အကြီးအကဲ David Beasley ဒေးဗစ် ဘီစလီ နဲ့ အတူ ဒီရက်ပိုင်းအတွင်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ကော့ဇ်ဘဇားဒေသက ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ လူသားချင်းစာနာမှုအကူအညီတွေ အကြီးအကျယ် လိုအပ်နေကြောင်းနဲ့ တပြိုင်နက်မှာပဲ ရခိုင်ပြည်မှာ ကျန်ရှိနေတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကိုလည်း မေ့မထားကြဖု့ိ ဒိန်းမတ်ဝန်ကြီးက ပြောပါတယ်။

ဒီခရီးစဉ်မှာ ကော့ဇ်ဘဇားဒေသက ရိုဟင်ဂျာတွေအတွက် ဒိန်းမတ်နိုင်ငံက ကန် ဒေါ်လာ ၄ သန်းခွဲကျော်နဲ့ညီမျှတဲ့ ခရိုနာငွေ သန်း ၃ဝ နဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအတွက် ကန် ဒေါ်လာ ၃ သန်းကျော်နဲ့ ညီမျှတဲ့ ခရိုနာငွေ သန်း ၂ဝ လှူဒါန်းမယ်လို့ ကြေညာခဲ့ပါတယ်။ အခုအချိန်အထိ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာပြည်က ရိုဟင်ဂျာတွေအတွက် ဒိန်းမတ်နိုင်ငံက လှူဒါန်းငွေ စုစုပေါင်း ကန် ဒေါ်လာ ၄၈ သန်းကျော် (ခရိုနာငွေ ၃၁၈ သန်း) ရှိပြီလို့ ကိုပင်ဟေဂင် မြို့က လာတဲ့သတင်းမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org