နေရပ်ပြန်မယ့်ရိုဟင်ဂျာတွေအတွက် စိုးရိမ်ကြောင်း ပြောဆိုနေကြ

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကို ရခိုင်ပြည်နယ်မှာ လုံခြုံစိတ်ချစွာ ပြန်ပြီး နေရာချထားပေးနိုင်မယ်လို့ ကုလသမဂ္ဂအနေနဲ့ မြန်မာအစိုးရထံက မျှော်လင့်နေတာဟာ လက်တွေ့မကျဘူးလို့ မွတ်စလင်ရေးရာဌာန ညွန်ကြားရေးမှူးက ပြောဆိုကြောင်း အီရန်က သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင် ဒုက္ခသည်စခန်းက ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်တွေကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ် Photo: Dibyangshu SARKAR / AFP

အီရန်က ဗုဒ္ဓဟူးနေ့လာတဲ့ သတင်းတစ်ပုဒ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်နေတဲ့ ရိုဟင်ဂျာတွေကို ရခိုင်ပြည်နယ်မှာ လုံခြုံစိတ်ချစွာ ပြန်ပြီးနေရာချထားပေးနိုင်မယ်လို့ ကုလသမဂ္ဂအနေနဲ့ မြန်မာအစိုးရထံက မျှော်လင့်နေတာဟာ လက်တွေ့မကျပါဘူးလို့ မွတ်စလင်ရေးရာဌာန ညွန်ကြားရေးမှူး Jahangir Mohammed ဂျဟန်းဂီ မိုဟာမက် က ပြောဆိုကြောင်း ဖော်ပြထားပါတယ်။

ရိုဟင်ဂျာတွေ ဒုက္ခဆင်းရဲဖြစ်အောင် မြန်မာအစိုးရကပဲ ဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက် အဲဒီလို လူမျိုးတုံးသတ်ဖြတ် ခဲ့သူတွေထံကနေ လုံခြုံမှုကို ဖန်တီးပေးလိမ့်မယ်လို့ မျှော်လင့်နေတာဟာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး၊ ဒါဟာ ကုလ သမဂ္ဂအနေနဲ့ တရားခံတွေကို တစ်စုံတစ်ရာ အရေးယူမှု မရှိဘဲ အပြစ်က လွှတ်ပေးလိုက်ရာ ကျပါလိမ့်မယ်လို့ မိုဟာမက်က ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ဗြိတိန်အခြေစိုက် Oxfam အလှူရှင်အဖွဲ့ အကြီးအကဲ Rachael Reilly ရေချယ်လ် ရဲလီ က ဘင်္ဂလားဒေ့ရှ်က မြန်မာပြည် ပြန်ပို့မယ့် ရိုဟင်ဂျာတွေ တရားစွဲ အပြစ်ပေးခံရနိုင်တဲ့အတွက် အထူးစိုးရိမ်ကြောင်း မနေ့က ပြောကြားပါတယ်။ နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ အဲဒီ ရိုဟင်ဂျာတွေ မြန်မာပြည်ပြန်သွားတဲ့အခါ တန်းတူအခွင့်အရေး ရရှိဖို့အတွက် မြန်မာအစိုးရထံက အာမခံချက်ရရှိအောင် ဖိအားပေးဖို့လိုကြောင်းလည်း သူမက ပြောကြားပါတယ်။

အဲဒီ Oxfam အဖွဲ့ဟာ ရိုဟင်ဂျာတွေကို ကူညီခွင့်ရဖို့နဲ့ အဲဒီသူတွေ ရခိုင်ပြည်နယ်အတွင်း လွတ်လပ်စွာ သွားလာခွင့် အပါအဝင် အခွင့်အရေးတွေရရှိဖို့ တောင်းဆိုနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org