ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု ပိုဆိုးလာတဲ့အပေါ် အရေးယူပေးဖို့ BROUK အဖွဲ့ တောင်းဆို

ရခိုင်ပြည်နယ်မှာ ပြင်းထန်လာတဲ့ စစ်ရေးပဋိပက္ခတွေကြား ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်ခံရမှု ပိုဆိုးလာတဲ့အပေါ် အရေးယူပေးဖို့ ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်း (BROUK) အဖွဲ့က နိုင်ငံတကာကို ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ သာဒါကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရအပြီး ၂ဝ၂၄ ခုနှစ် မတ်လ ၁၈ ရက်နေ့က တွေ့ရစဉ်။ Telegram/ Arakan Princess Media

ရခိုင်ပြည်နယ်မှာ ပြင်းထန်လာတဲ့ စစ်ရေးပဋိပက္ခတွေကြား ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်ခံရမှု ပိုဆိုးလာတဲ့အပေါ် အရေးယူပေးဖို့ ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်း (BROUK) အဖွဲ့က နိုင်ငံတကာကို ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်တပ်ဟာ အရွယ်မရောက်သေးသူတွေ အပါအဝင် ရိုဟင်ဂျာ လူငယ်နဲ့ လူလတ်ပိုင်းတွေကို ကျေးရွာတွေ၊ နေအိမ်တွေထဲအထိ ဝင်ရောက်ဖမ်းဆီးကာ ရှေ့တန်းပို့ပြီး အဓမ္မ စစ်မှုထမ်းစေခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာတွေကို လုံလောက်တဲ့ အစားအစာ၊ ရေ၊ အမိုးအကာနဲ့ ဆေးဝါးတွေ မရရှိအောင် ဖြတ်တောက်ပြီး တဖြည်းဖြည်းချင်း သေဆုံးစေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို စစ်တပ်က ကျူးလွန်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

BROUK ရဲ့ ထုတ်ပြန်ချက်အရ ၂ဝ၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့ကနေ ၂ဝ၂၄ ခုနှစ်၊ မေလ ၂၃ ရက်နေ့အတွင်း မြန်မာစစ်တပ်နဲ့ သူ့ရဲ့ အပေါင်းအပါတွေအပြင် ရက္ခိုင့်တပ်တော် (AA) တို့ဟာ ရိုဟင်ဂျာတွေအပေါ် အဓမ္မ စစ်မှုထမ်းခိုင်းတာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ သတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ ဓားစာခံအဖြစ် အသုံးချတာ စတာတွေအပါအဝင် စစ်ရာဇဝတ်မှုများစွာ ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကိုလည်း RFA က ဆက်သွယ်ထားပေမဲ့ ပြန်မဖြေသေးပါဘူး။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာ နှစ်သိန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး နောက်ထပ် အသက်ဆုံးရှုံးမှုတွေ မဖြစ်အောင် နိုင်ငံတကာရဲ့ လူသားချင်းစာနာမှု အကူအညီတွေ အပြင်းအထန် လိုအပ်နေတယ်လို့ တောင်းဆိုထားပါတယ်။

ဗြိတိန်နိုင်ငံနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့ဟာ မြန်မာပြည်က ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုကနေ ကာကွယ်ဖို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က ရည်ရွယ်ချမှတ်ထားတဲ့ ကြားဖြတ်အစီအမံတွေအတိုင်း ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ မရှိခဲ့ဘဲ ပျက်ကွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီပျက်ကွက်မှုကြောင့် ပြီးခဲ့တဲ့ ခြောက်လအတွင်း ရိုဟင်ဂျာ ထောင်နဲ့ချီ သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေ သိသိသာသာ တိုးလာနေတာကို မျက်မြင်တွေ့နေရပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒါကို စောင့်ကြည့်နေပေမဲ့ တစ်စုံတစ်ရာ ဆောင်ရွက်ပေးတာ မရှိသေးဘူးလို့ မြန်မာ-ရိုဟင်ဂျာအသင်း ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။

ကုလသမဂ္ဂအဖွဲ့အစည်းတွေအနေနဲ့ ICJ ချမှတ်ထားတဲ့ ကြားဖြတ်အစီအမံ နောက်ဆက်တွဲ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ အကောင်အထည်ဖော်ဖို့၊ ရိုဟင်ဂျာတွေအတွက် အရေးပေါ် အကာအကွယ်တွေ စီမံပေးဖို့၊ မြန်မာ့အရေးကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ထံ လွှဲပြောင်းဖို့ ဒါမှမဟုတ် အထူးသီးသန့် နိုင်ငံတကာတရားရုံး တည်ထောင်ပေးဖို့ စတာတွေကို BROUK က တောင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org