ရိုဟင်ဂျာတွေ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ အထောက်အထား ဗွီဒီယိုဖိုင် ထုတ်ပြန်
ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးရတာနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်က စနစ်တကျ နယ်မြေရှင်းလင်းရေးအတွက် ပြင်ဆင်တဲ့အထောက်အထားတွေ၊ ခြိမ်းခြောက်မှုတွေ ပါတဲ့ ဗွီဒီယိုဖိုင်ကို FORTITY RIGHTS အဖွဲ့က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
-
2018-09-27 -
-
-
ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးရတာနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်က စနစ်တကျ နယ်မြေရှင်းလင်းရေးအတွက် ပြင်ဆင်တဲ့အထောက်အထားတွေ၊ ခြိမ်းခြောက်မှုတွေပါတဲ့ ဗွီဒီယိုဖိုင်ကို FORTITY RIGHTS အဖွဲ့က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
ရိုဟင်ဂျာတွေကို ထွက်ပြေးအောင် စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှာ ခြိမ်းခြောက်တဲ့ အထောက်အထားကို တွေ့ရတယ်လို့ FORTITY RIGHTS အဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေးကျွမ်းကျင်သူ နစ်ကီဒိုင်းမွန်းက RFA ကို ဒီနေ့ ပြောပါတယ်။
"ကျနော်တို့သက်သေပြချင်တာက ပြောချင်တာက ဒီလူ ၇ သိန်းကျော် ထွက်ပြေးဖို့က သူတို့ကို စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်တဲ့အချိန်မှာ သူတို့ကိုခြိမ်းခြောက်လို့၊ သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ခုနကလို ခြိမ်းခြောက်ခံရလို ဒီလောက်လူအများကြီးက ထွက်ပြေးသွားတဲ့ဆိုတဲ့ သက်သေအထောက်အထားဟာ ဒီဗွီဒီယိုဖိုင်ထဲမှာ တွေ့ရတယ်ပေါ့နော်"
ဒီဗွီဒီယိုဖိုင်ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လ၂၅နေ့ က ARSA အဖွဲ့ အကြမ်းဖက်တိုက်ခိုက်မှုအပြီး ၃ ရက်လောက်အကြာမှာ ဘူးသီးတောင်နဲ့ မောင်တောနယ်ကြားရှိ ကျောက်တိုင်ကျေးရွာအနီးတဝိုက်မှာ တပ်မတော်အရာရှိတစ်ဦးက ရခိုင်ကျေးရွာသားတွေနဲ့ တွေ့ဆုံစည်းရုံးနေစဉ် ရိုက်ကူးထားတဲ့ ဖိုင်ဖြစ်ပါတယ်။
အဲဒီအထဲမှာ စစ်တပ်အရာရှိက ရခိုင်တိုင်းရင်းသားကျေးရွာတွေကို ကာကွယ်ပေးမယ့်အကြောင်းနဲ့ ရိုဟင်ဂျာကျေးရွာတွေကို ဖယ်ရှားမယ်ဆိုတဲ့ ပြောတဲ့အသံတွေ ပါဝင်တယ်လို့ နစ်ကီဒိုင်းမွန်းက ပြောပါတယ်။
နိုင်ငံတော်ခေါင်းဆောင်တွေနဲ့ တပ်မတော်ခေါင်းဆောင်တွေက ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် ထွက်ပြေးတာဟာ ဘာကြောင့်ဆိုတာကို မီဒီယာတွေ၊ နိုင်ငံတကာက ဧည့်သည်တွေနဲ့ တွေဆုံရာမှာ မပြောနိုင်ခဲ့ကြပေမယ့် ဒီဗွီဒီယိုဖိုင်က အဲဒီထောက်အထားတွေကို သက်သေအဖြစ် တင်ပြတာနိုင်တယ်လို့လည်း ပြောပါတယ်။
ရိုဟင်ဂျာတွေကို စစ်တပ်က စနစ်တကျပြုလုပ်ခဲ့တဲ့ ဗွီဒီယိုဖိုင် သက်သေတွေ အများကြီးရှိပြီး ဒီဖိုင်ကို ICC ခေါ် နိုင်ငံတကာစစ်ရာဇဝတ်ခုံရုံးအပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေကိုလည်း ပေးပို့သွားမယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပက်သတ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ နိုင်ငံတော်သမ္မတရုံးက ပြောခွင့်ရသူတွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ ပြောကြားခဲ့ခြင်း မရှိပါဘူး။