ရိုဟင်ဂျာအမှု ဂမ်ဘီယာရဲ့ အပြီးသတ်လျှောက်လဲချက် ဒီနေ့ တင်သွင်းမည်
မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စလင်တွေ လူမျိုးတုံး သတ်ဖြတ်ခံနေရတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ ICJ မှာ မြန်မာနိုင်ငံ တရားစွဲခံနေရတဲ့အမှု ဂမ်ဘီယာနိုင်ငံဘက်က ဒီနေ့ အပြီးသတ် လျှောက်လဲချက်ကို တင်သွင်းဖို့ရှိပါတယ်။
- 2022-02-27
-
-
-
မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စလင်တွေ လူမျိုးတုံး သတ်ဖြတ်ခံနေရတယ်ဆိုတဲ့ စွပ်စွဲချက် နဲ့ ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ ICJ မှာ မြန်မာနိုင်ငံ တရားစွဲခံနေရတဲ့အမှု ဂမ်ဘီယာနိုင်ငံဘက်က ဒီနေ့ အပြီးသတ် လျှောက်လဲချက်ကို တင်သွင်းဖို့ရှိပါတယ်။
ဖေဖော်ဝါရီလ ၂၁ ရက်ကနေ ဒီနေ့ ၂၈ ရက်အထိ ဒုတိယအကြိမ် ကြားနာမှုမှာ ဒီအမှုဟာ ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ တရားစွဲခွင့် ရှိ၊ မရှိနဲ့ ပတ်သက်ပြီး တရားစွဲထားတဲ့ ဂမ်ဘီယာနိုင်ငံနဲ့ တရားစွဲခံရတဲ့ မြန်မာနိုင်ငံဘက်က အပြန်အလှန် လျှောက်လဲချက်တွေ ပေးနေကြတာပါ။ ဂမ်ဘီယာဘက်က တရားစွဲခွင့်ရှိကြောင်း လျှောက်လဲခဲ့သလို မြန်မာ ဘက်ကလည်း ဂမ်ဘီယာအနေနဲ့ တရားစွဲခွင့်မရှိဘူးလို့ ချေပ လျှောက်လဲထားပါတယ်။
ဒီနေ့မှာတော့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တင်သွင်းခဲ့တဲ့ မြန်မာဘက်က အပြီးသတ် လျှောက်လဲချက်အပေါ် ဂမ်ဘီယာဘက်က အပြီးသတ် ချေပလျှောက်လဲသွားမှာပါ။ မြန်မာဘက်က တရားရုံးကို အဓိကထား လျှောက်လဲခဲ့တာတွေထဲမှာ OIC လို့ခေါ်တဲ့ အစ္စလာမ္မစ်နိုင်ငံအများအဖွဲ့ရဲ့ ကိုယ်စား မြန်မာနိုင်ငံကို ဂမ်ဘီယာက တရားစွဲခွင့် မရှိတဲ့အတွက် ဒါကို တရားရုံးက လက်မခံသင့်ဘူးဆိုတာကို တင်ပြခဲ့ပါတယ်။ ဂမ်ဘီယာဘက်ကလည်း သူတို့ဟာ ဘယ်အဖွဲ့အစည်းရဲ့လက်အောက်ခံ နိုင်ငံမဟုတ်သလို လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ကုလသမဂ္ဂရဲ့ သဘောတူစာချုပ်ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံတစ်ခုအနေနဲ့ တရားစွဲပိုင်ခွင့်ရှိကြောင်း ပြန်ပြီး ချေပထားပါတယ်။
ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်ခံရတယ်ဆိုတဲ့ ဂမ်ဘီယာဘက်က စွပ်စွဲချက်ကို မြန်မာဘက်က ၂ဝ၁၉ ခုနှစ်ကတည်းက နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ICJ ရုံးကိုတက်ပြီး ကန့်ကွက်ခဲ့တာပါ။
အခုဒုတိယအကြိမ် ကြားနာမှုမှာတော့ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေက ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲခဲ့တာတွေအပေါ် အခြေခံပြီး ဆက်ပြီးတင်ပြနေပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းပေါ်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ NLD အစိုးရလက်ထက်က ICJ တရားရုံးမှာ ကန့်ကွက်ခဲ့တာတွေ အားလုံးကို ပြန်ပြီးရုပ်သိမ်း တယ်လို့ အခုဒုတိယအကြော့ ကြားနာမှုတွေမတိုင်ခင်မှာ ကြေညာချက် ထုတ်ခဲ့ပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ခေါင်းဆောင်တဲ့ အဖွဲ့ကိုပဲ ဆက်သွယ်ဖို့ NUG အစိုးရက ICJ တရားရုံးကို တိုက်တွန်း ခဲ့ပေမယ့် စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေကိုပဲ ICJ တရားရုံးက လက်ခံခဲ့ပါတယ်။