တရားမဝင် ပြက္ခဒိန် ပုံနှိပ်မှု၊ ၅ ဦး ဒဏ်ငွေချ
ရိုဟင်ဂျာ မွတ်စလင်တွေဟာ အသိ အမှတ်ပြုခံရပြီးတဲ့ တိုင်းရင်းသားတွေဖြစ် တယ်လို့ ရေးသားဖေါ်ပြထား ပြီး၊ မြန်မာ၊ အင်္ဂလိပ်၊ အာရဗီ သုံးဘာသာ ပါဝင်တဲ့ ပြက္ခဒိန်ထုတ်ဝေဖို့ ရိုက်နှိပ်မှုနဲ့ လူ ၅ ဦးကို တရားရုံးက ငွေဒဏ်ချမှတ်ခဲ့ကြောင်း သိရပါတယ်။
-
2015-11-24 -
-
-
ရိုဟင်ဂျာ မွတ်စလင်တွေဟာ အသိအမှတ်ပြုခံရပြီးတဲ့ တိုင်းရင်းသားတွေဖြစ်တယ်လို့ ရေးသားဖေါ်ပြထားပြီး၊ မြန်မာ၊ အင်္ဂလိပ်၊ အာရဗီ သုံးဘာသာ ပါဝင်တဲ့ ပြက္ခဒိန်ထုတ်ဝေဖို့ ရိုက်နှိပ်မှုနဲ့ လူ ၅ ဦးကို တရားရုံးက ငွေဒဏ်ချမှတ်ခဲ့ကြောင်း သိရပါတယ်။
အဲဒီ၂၀၁၆ ခုနှစ်အတွက် ပြက္ခဒိန်ရိုက်နှိပ်မှုနဲ့ ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်က “ကျော်” ပုံနှိပ်တိုက် ပိုင်ရှင် အပါအဝင် လေးဦးကို နိုဝင်ဘာ ၂၃ ရက်နေ့က ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ ပုဒ်မ-၂၀ နဲ့ ရဲတပ်ဖွဲ့ က ပုဇွန်တောင်မြို့နယ် တရားရုံးမှာ တရားစွဲဆိုခဲ့ရာမှာ၊တရားရုံးက တစ်ဦးကို ဒဏ်ငွေ ကျပ် ၁၀ သိန်းစီ ပေးဆောင်ဖို့ အမိန့်ှုချမှတ်ခဲ့ရာမှာ ၅ ဦးလုံးက ဒဏ်ငွေပေးဆောင်ခဲ့ကြပါတယ်။ မနေ့ကေတော့ သူတို့ ၅ ဦးကို ပုဒ်မ ၅၀၅(ခ)ဖြင့် ထပ်မံတရားစွဲဆိုထားကြောင်း ပြည်တွင်းထုတ် Eleven သတင်း က ဖေါ်ပြပါတယ်။
အဲဒီ ပြက္ခဒိန်ပုံနှိပ်နေတဲ့သတင်း Facebook လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ရာက ပုဇွန်တောင် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးဖမ်းဆီးခဲ့တာဖြစ်ကြောင်း ပုဇွန်တောင်ရဲအရာရှိ က ပြောဆိုကြောင်း AFP သတင်းက ဖေါ်ပြပါတယ်။
ရိုဟင်ဂျာ ဆိုတဲ့ အမည် အသုံးအနှုန်းကို အစိုးရ လက်မခံ အသိအမှတ်မပြုတဲ့အတွက် ဒီပြက္ခဒိန်ထုတ်ဝေဖို့ ရိုက်နှိပ်တာဟာ ဥပဒေကိုချိုးဖေါက်တာဖြစ်ကြောင်း ရဲ ကပြောပါတယ်။ အဲဒီ ပြက္ခဒိန်ပုံနှိပ်ဖို့ ၏အပ်နှံခဲ့သူ ရွှေပြည်သာ မြို့နယ်နေ ဦးအောင်ခင်ဆိုသူ တိမ်းရှောင်နေလို့ တရားခံပြေးအဖြစ် သတ်မှတ်ထားကြောင်း Eleven သတင်း ကဖေါ်ပြပါတယ်။ AFP သတင်းမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မသင်္ကာသူ ၆ ဦး ထွက်ပြေး တိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။
အခုလို ရွေးကောက်ပွဲအပြီး၊ အစိုးရသစ်ဖွဲ့စည်းတော့မယ့် နိုင်ငံရေးပြောင်းအလဲကာလမှာ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ ပေါ်ပေါက်လာမှာကို ပြည်သူအများ စိုးရိမ်နေကြပါတယ်။