စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ ဥပဒေမူကြမ်းတင်ရန် အမေရိကန်ကို တိုက်တွန်း
မြန်မာနိုင်ငံကို ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင် တရပ် ဖွဲ့စည်း စေလွှတ်နိုင်ရေးအတွက် အမေရိကန် အစိုးရ အနေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ညီလာခံမှာ ဥပဒေမူကြမ်းတရပ် အဆိုပြု တင်သွင်းဖို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ ၁၃ ဖွဲ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို ပြီးခဲ့တဲ့ တနင်္လာနေ့က စာရေးသား တောင်းဆိုလိုက်ပါတယ်။
-
2011-04-30 -
-
-
Your browser doesn’t support HTML5 audio
မြန်မာနိုင်ငံပေါ် အရေးယူ ဆောင်ရွက်နိုင်ဖို့ မေလ ၃ဝ ရက်နေ့ကနေ ဇွန်လ ၁၇ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပဖို့ရှိတဲ့ (၁၇) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ အမေရိကန်က ဦးဆောင်ပြီး စည်းရုံးလှုပ်ရှားပေးဖို့ အခုလို တိုက်တွန်းလိုက်ကြတာ ဖြစ်တယ်လို့ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ဝါရှင်တန်ဒီစီ အခြေစိုက်U.S Campaign for Burma အဖွဲ့ ခေါင်းဆောင် ဦးအောင်ဒင်က ပြောပါတယ်။
မြန်မာနိုင်ငံကို ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင် ဖွဲ့စည်း စေလွှတ်သင့်တယ်လို့ အမေရိကန် အပါအဝင် နိုင်ငံပေါင်း(၁၆) နိုင်ငံက အခုချိန်ထိ သဘောတူ လက်ခံထားပြီးဖြစ်ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ပုံမှန်တက်နေကျ (၄၇) နိုင်ငံထဲက နိုင်ငံအများစုကသာ ထောက်ခံမယ်ဆိုရင် မြန်မာနိုင်ငံကို ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင် စေလွှတ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်တရပ် ဖြစ်ပေါ်လာအောင် အမေရိကန်အစိုးရက ဦးဆောင်ဖို့ တိုက်တွန်းလိုက်တဲ့ အဖွဲ့ (၁၃) ဖွဲ့ထဲမှာ U.S. Campaign for Burma ၊ HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့၊ A.I အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ Democracy Coalition Projectအဖွဲ့၊ Institute for Asian Democracy စတဲ့ အဖွဲ့တွေ ပါဝင်ပါတယ်။
USCB အဖွဲ့က ဦးအောင်ဒင်နဲ့ Democracy Coalition project အဖွဲ့က Ms. Dokhi Fassihian တို့ကို ဆက်သွယ်မေးမြန်းပြီး RFAအဖွဲ့သား ကိုဉာဏ်ဝင်းအောင်က တင်ပြထားတာကို နားဆင်ပါ။
မေးမြန်းတင်ပြချက်။ |
|
အသံဖိုင်ယူရန်။ |