တော်လှန်ရေးတပ်ထိန်းချုပ်တဲ့ မင်းတပ်မှာ အရပ်သား လက်နက်ကိုင်ဆောင်ခွင့် ကန့်သတ်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ ဒေသခံတွေကို လက်နက်ခဲယမ်းကိုင်ဆောင်ခွင့် ကန့်သတ်ထားတယ်လို့ CDF မင်းတပ်ရဲ့ စစ်ဦးစီးချုပ် ဆလိုင်းထန်ချွန်းဖေက RFA ကို ပြောပါတယ်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF မင်းတပ်) တပ်ဖွဲ့ဝင်များအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တွေ့ရစဉ်။ Facebook/ Za Latt Thwe

တော်လှန်ရေးတပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ ဒေသခံတွေကို လက်နက်ခဲယမ်းကိုင်ဆောင်ခွင့် ကန့်သတ်ထားတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF မင်းတပ်) ရဲ့ စစ်ဦးစီးချုပ် ဆလိုင်းထန်ချွန်းဖေက RFA ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ပြောပါတယ်။

တိုက်ခိုက်ရေး မောင်းပြန်ရိုင်ဖယ်နဲ့ အခြား လက်နက်ခဲယမ်းတွေ ကိုင်ဆောင်တဲ့ ဒေသခံတွေအနေနဲ့ လာမဲ့ မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထား လက်နက်အပ်နှံရမှာဖြစ်ပြီး သတ်မှတ်ဆုကြေးနဲ့ ဝယ်ယူထားတဲ့ လက်နက်ခဲယမ်းတန်ဖိုး ပြန်ပေးမယ်လို့ CDF မင်းတပ်က ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အပ်နှံဖို့ပြောတဲ့ လက်နက်ခဲယမ်းတွေထဲမှာ ချင်းရိုးရာ အမဲလိုက်သေနတ်တွေ မပါဘူးလို့ CDF မင်းတပ်ရဲ့ စစ်ဦးစီးချုပ် ဆလိုင်းထန်ချွန်းဖေက RFA ကို ပြောပါတယ်။

"ရိုးရာအရ ကိုင်ခဲ့တဲ့ တူမီးတွေ၊ တစ်လုံးထိုးတွေ အဲဒါတွေ တစ်ခုမှမပါပါဘူးဗျ။ ကျွန်တော်တို့ရဲ့ ရိုးရာဖြစ်တယ်၊ ရိုးရာအရ ကိုင်ဆောင်တဲ့ အမဲလိုက်တဲ့ သေနတ်တွေက ပြည်သူလူထုက ဒီတိုင်း ကိုင်ဆောင်ခွင့်ရှိပါတယ်"

ထိန်းချုပ်နယ်မြေအတွင်း လက်နက်ခဲယမ်း ထိန်းချုပ်နိုင်ရေး၊ ပြည်သူလူထုကို လက်နက်ခဲယမ်းနဲ့ ဖောက်ခွဲရေးပစ္စည်းအန္တရာယ်ကနေ ကာကွယ်နိုင်ရေး အတွက် အခုလို ကန့်သတ်ရတာဖြစ်ပြီး အထူး အလေးထားဆောင်ရွက်နေတယ်လို့ CDF မင်းတပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မတ်လ ၁၅ ရက် ကျော်လွန်ပြီး လက်နက်ခဲယမ်း ကိုင်ဆောင်တာ၊ လက်ဝယ်ထားရှိတာ၊ ရောင်းဝယ်ဖောက်ကားတာတွေလုပ်ရင် ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ဆိုပါတယ်။

မင်းတပ်မြို့ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ချင်းညီနောင် ပူးပေါင်းအဖွဲ့က သိမ်းပိုက်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org