ပခုက္ကူနဲ့ ပွင့်ဖြူမှာ ဧရာဝတီမြစ်ကမ်းပါးပြိုလို့ ဒေသခံတွေ နေစရာလို
မကွေးတိုင်း ပခုက္ကူမြို့နယ်နဲ့ ပွင့်ဖြူမြို့နယ်က ကျေးရွာတချို့ဟာ ဧရာဝတီမြစ်ရေ တိုက်စားတဲ့ဒဏ်ကြောင့် ကမ်းပါးပြိုတဲ့အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။
-
ဇော်တူး
2020-11-17 -
-
-
မကွေးတိုင်း ပခုက္ကူမြို့နယ်နဲ့ ပွင့်ဖြူမြို့နယ်က ကျေးရွာတချို့ဟာ ဧရာဝတီမြစ်ရေ တိုက်စားတဲ့ဒဏ်ကြောင့် ကမ်းပါးပြိုတဲ့အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ အောက်တိုဘာလ ၁၅ ရက်နေ့ မနက်ပိုင်းမှာပဲ ပွင့်ဖြူမြို့နယ် ကံလှကျေးရွာက အိမ်ခြေ ၃၆ လုံးနဲ့ ပခုက္ကူမြို့နယ်က ကြတ်တန်းကုန်းကျေးရွာမှာ နေအိမ် ၂ လုံးဟာ လောလောဆယ် ပြောင်းရွှေ့နေရပါတယ်။ ဧရာဝတီမြစ်ကမ်းတလျှောက်မှာ နေထိုင်ရတဲ့ ပြည်သူတွေအတွက် ကမ်းပါးပြိုတဲ့ဘေး ကင်းဝေးဖို့ဆိုရင် ကမ်းစပ်နီးတဲ့ လူနေအိမ်တွေ ပြောင်းရွှေ့ပေးဖို့ လိုအပ်လာနေတယ်လို့ ပခုက္ကူမြို့ နယ်မကွေးတိုင်းဒေသကြီးလွှတ်တော်အမတ် ဒေါ်ဇင်နီနီဝင်းကပြောပါတယ်။
“ပခုက္ကူမြို့နယ်အတွင်းမှာ ကမ်းပါးပြိုတဲ့ကိစ္စတွေက တော်တော်များပါတယ်။ ဒီကြတ်တန်းကုန်းဆိုရင် ကြတ်တန်းကုန်း ဟိုဘက်တလျှောက်ပေါ့နော်။ ကမ်းပါးတလျှောက်မှာဆိုရင် ကျေးရွာ တွေ အများကြီးရှိတယ်။ထန်းပင်တို့ ကျွန်းညိုရွာသစ်တို့ လယ်ယာအရှေ့စုတို့ပေါ့နော်။ အဲဒါတွေလည်း တောက်လျှောက်ပြိုနေတယ်။ ထောက်ရှာပင်တို့ ဘာတို့ကတော့ နည်းနည်းသက်သာ သွားပြီ။ နောက်လက်ပံကျွန်းတို့ တောက်လျှောက်ပြိုနေတယ်။ ကျမတို့လည်း ပခုက္ကူမြို့နယ်မှာတော့ ကမ်းပါးပြိုမယ့် ကိစ္စတွေ၊ နောက်ရွှေ့ဖို့ရာအတွက်လည်း ငါးရွာ ခြောက်ရွာလောက် ရှိသေးတယ်။ လက်ပံကုန်းတို့ ရာကျော်ကုန်းတို့ ကျေးရွာတွေကလည်း အခုကမ်းပါးပြိုနေတယ်ပေါ့နော်။ ထနောင်းကုန်းတို့ကလည်း ကျမတို့အကူအညီတွေ တောင်းထားတာတွေ ရှိတယ်။ သူတို့နောက်တစ်နှစ်လောက်နေလို့ရှိရင် သူတို့ဘယ်လိုမှ နေလို့မရတော့ဘူး။ ရွှေ့ဖို့ရာအတွက် လာတိုင်ပင်ထားတာတွေလည်း ရှိပါတယ်။ ရွာတော်တော်များများ ရှိတယ်ပေါ့နော်”
ပွင့်ဖြူမြို့နယ်အတွင်းက ကံလှကျေးရွာမှာလည်း အိမ်ခြေ ၃၆ အိမ်လောက် အရေးပေါ်ရွှေ့ ပြောင်းခဲ့ရာမှာ လောလောဆယ်အနေနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ဦးဆောင်တဲ့အဖွဲ့က ကွင်းဆင်းခဲ့ပြီး အားပေးကူညီမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခရိုင်အထွေထွေအုပ်ချုပ်ရေးက ပြောင်းရွှေ့ နေထိုင်နိုင်ဖို့ ဝိုင်းနေရာတွေ ချထားပေးခဲ့ရာမှာ မြေပိုင်ရှင်တွေက မြေစျေးတွေ တိုးမြှင့်တောင်းခဲ့လို့ မသင့်မြတ်ဘူးလို့ ကံလှရွာသားဦးစိုးဝင်းက ပြောပါတယ်။
“ရွာသားတွေရဲ့ ကိုယ်စား ပြောရရင်တော့ အားလုံးကျနော်တို့ အတူတူပဲ။ ဒီလယ်မြေပိုင်ရှင်တွေလည်း သင့်တဲ့စျေးနှုန်းနဲ့ နိုင်ငံတော်အတွက်လည်း သက်သာစေချင်တယ်။ရွာသားတွေကိုလည်း တကယ်ကို ဒုက္ခရောက်နေချိန်မှာ အကျိုးရှိရှိလေးနဲ့ သူ့ဟာသူ ရွာစီမံကိန်းနဲ့ စနစ်တကျလေးပေါ့နော်။ အဲလိုလေးလည်း ဖြစ်စေချင်တာပေါ့”
တကယ်တော့ မြစ်ကမ်းနံဘေးနေ ပြည်သူတွေက ပြောင်းရွှေ့ ဖို့မလိုတဲ့ ရေတားနံရံတွေကို တည်ဆောက်ပေးစေလိုကြတာပါ။ မြစ်နားကမ်းနားက စိုက်ပျိုးလုပ်ကိုင်စားရတာ အဆင်ပြေလို့ တခြားနေရာကို ပြောင်းရွှေ့ဖို့ကိုတော့ သူတို့ မလိုလားကြပါဘူး။ ပြည်သူ့အရေးတွေကို ပခုက္ကူမြို့နယ် ရွေးကောက်ခံ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ လွှတ်တော်မှာ တင်ပြတောင်းဆိုမှုတွေ ပြုလုပ်ပေးခဲ့ပေမယ့် ဘဏ္ဍာရေးကြောင့်လား နည်းပညာကြောင့်လား မသိ။ ရေထိန်းနံရံတွေ ဆောင်ရွက်ပေးပေမယ့်လည်း မကြာမီမှာ ပြိုကျတတ်တာကြောင့် အဖက်ဖက်က စဉ်းစားပြီး ကမ်းပါးထိန်းသိမ်းရေးအတွက် အစိုးရကို တောင်းဆိုရတယ်လို့ ပခုက္ကူမြို့နယ်တိုင်းဒေသကြီး လွှတ်တော်အမတ် ဒေါ်ဇင်နီနီဝင်းက ပြောပါတယ်။
“မကွေးတိုင်း ပခုက္ကူမြို့နယ်ဘက်က ပြည်သူတွေက ကမ်းပါးပြိုမှုဒဏ်ကို တအားကို ခံစားရတယ်။ ဒီလိုကမ်းပါးပြိုလို့အတွက်လည်း နေရာဒေသပြောင်းရွှေ့မှုတွေလည်း ကျမတို့ ကိုယ်တိုင်ပေါ့နော်။ ဒါပေမယ့်လည်း ဒီမှာက ငွေရေးကြေးရေးအရလည်း တော်ရုံတန်ရုံ သုံးလို့မရဘူး။ အများကြီး သုံးရတဲ့အပိုင်းလည်း ရှိတယ်။ နည်းပညာအရများ အားနည်းသလားပေါ့နော်။ ကျမတို့လည်း အဖက်ဖက်က အကုန်စဉ်းစားပြိးမှပဲ အစိုးရကို တောင်းဆိုနေတာ ဖြစ်ပါတယ်။”
မြစ်ကြောင်းထိန်းသိမ်းရေးကို တာဝန်ယူထားရတဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးတင်နွယ်ဦးကတော့ အခုအချိန်ဟာ ရေတက်ချိန်ဖြစ်သလို ကမ်းပါးထိန်းသိမ်းရေး တည်ဆောက်ဖို့ မဖြစ်နိုင်သေးတဲ့ အချိန်ကာလဖြစ်တဲ့အတွက် မြစ်ရေကျချိန်မှသာ လေ့လာဆန်းစစ် ကုန်ကျစရိတ် တွက်ချက်ပြီး နိုင်ငံတော်ကို ဘတ်ဂျက်တင်ပြကာ ခွင့်ပြုချက်ရတာနဲ့ ဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်။
“အဓိကကတော့ မြစ်ရေတွေ အကုန်လုံးလုံးကျသွားပြီး ပြန်တိုင်းတာပြိးတော့မှ ဘာလုပ်သင့်တယ်လို့ အစိုးရအဖွဲ့ကိုတင်ပြရမှာပေါ့၊”
သဘာဝဘေးအန္တရာယ်ကျရောက်ချိန်မှာကူညီဆောင်ရွက်နေတဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနအနေနဲ့ ပွင့်ဖြူမြို့နယ်၊ ကံလှကျေးရွာ နေအိမ် ၃၆ အိမ်ကို တစ်အိမ်ကို ကျပ်တစ်သိန်းနှုန်းနဲ့ ရွှေ့ပြောင်းစရိတ်အဖြစ် ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကိုယ်တိုင် ပေးအပ်ခဲ့ပြီး ပခုက္ကူမြို့နယ်က ကြတ်တန်းကုန်းကျေးရွာက ကြိုတင်ပြောင်းရွှေ့နေရတဲ့ အိမ်တွေအတွက် တစ်အိမ်ကိုတစ်သိန်းနှုန်း လူဦးရေတစ်ဦးကို ၇ ရက်စာအတွက် နှစ်ထောင့်တစ်ရာနှုန်းနဲ့ ထောက်ပံ့ပေးခဲ့တယ်လို့ ပခုက္ကူ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာရွှေက ပြောပါတယ်။