၂၀၂၄ ခုနှစ်အတွင်း ကူညီကယ်ဆယ်ရေးလုပ်သားတွေ သေဆုံးမှု အများဆုံးဖြစ်
ပြီးခဲ့တဲ့နှစ် တစ်နှစ်အတွင်း နိုင်ငံပေါင်း ၃၃ နိုင်ငံမှာ အကူအညီပေးရေးလုပ်သား ၂၈ဝ သေဆုံးခဲ့ပါတယ်။
-
RFA Burmese
2024-11-22 -
-
-
၂ဝ၂၄ ခုနှစ်အတွင်း မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်း ပဋိပက္ခဒေသတွေမှာ ကူညီကယ်ဆယ်ရေးလုပ်သား ၂၈၁ ဦးသေဆုံးခဲ့ပြီး ဒီနှစ်ဟာ အသေအပျောက်အများဆုံး ဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့နှစ် တစ်နှစ်အတွင်း နိုင်ငံပေါင်း ၃၃ နိုင်ငံမှာ အကူအညီပေးရေးလုပ်သား ၂၈ဝ သေဆုံးခဲ့ပါတယ်။ ဒီနှစ်မှာ ကူညီကယ်ဆယ်ရေးလုပ်သားတွေဟာ အရင်က မကြုံဖူးတဲ့ သတ်ဖြတ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ဒီလိုအကြမ်းဖက်မှုတွေဟာ လူသားချင်းစာနာမှု အကူအညီပေးတဲ့ လုပ်ငန်းတွေကို ထိခိုက်စေတယ်လို့ လူသားချင်းစာနာမှုနဲ့ အရေးပေါ်ကူညီကယ်ဆယ်ရေးဌာန အကြီးအကဲ Tom Fletcher က ပြောလိုက်ပါတယ်။
ပဋိပက္ခဒေသတွေက တာဝန်ရှိသူတွေနဲ့ ပါဝင်တဲ့အဖွဲ့အစည်းအားလုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ဝန်ထမ်းတွေကို အကာအကွယ်ပေးဖို့၊ နိုင်ငံတကာ ဥပဒေတွေကို လိုက်နာဖို့နဲ့ တာဝန်ရှိသူတွေကို တရားစွဲဆိုဖို့ လိုအပ်ကြောင်းလည်း သူက ပြောခဲ့ပါတယ်။ ဒါ့အပြင် တာဝန်ရှိသူတွေ အပြစ်ပေးအရေးယူခံရမှုကနေ ကင်းလွတ်နေတာကို အဆုံးသတ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
သေဆုံးမှုအများဆုံးက ဂါဇာဒေသပဋိပက္ခမှာဖြစ်ပြီး အာဖဂန်နစ္စတန်၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဆူဒန်နဲ့ ယူကရိန်းအပါအဝင် နိုင်ငံအတော်များများမှာ ကယ်ဆယ်ရေးလုပ်သားတွေ ပြန်ပေးဆွဲခံရတာ၊ ဒဏ်ရာရတာ၊ မတရားဖမ်းဆီးခံရတာတွေ ကြုံနေရတယ်လို့လည်း အစီရင်ခံစာက ဖော်ပြပါတယ်။ သေဆုံးသူအများစုဟာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂအေဂျင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက ဝန်ထမ်းတွေအပြင် ဒေသဆိုင်ရာဝန်ထမ်းတွေလည်း ပါဝင်ပါတယ်။
ကူညီကယ်ဆယ်ရေးဝန်ထမ်းတွေကို အကြမ်းဖက်တာဟာ ပဋိပက္ခဒေသတွေမှာရှိတဲ့ အရပ်သားပြည်သူတွေကို ထိခိုက်နစ်နာစေတယ်လို့လည်း ဆိုပါတယ်။ RFA က ပြုစုထားတဲ့စာရင်းတွေအရ အခုနှစ်အတွင်း မန္တလေး၊ စစ်ကိုင်းနဲ့ မွန်ပြည်နယ်မှာ ဒေသန္တရအလိုက်လုပ်နေကြတဲ့ လူမှုကူညီရေးအသင်းသားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို ကူညီထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးထောင်ချတာ၊ အနည်းဆုံး နှစ်ဆယ်ကျော်ရှိနေပြီး၊ လက်သည်မပေါ်ဘဲ အသတ်ခံရတဲ့သူက အနည်းဆုံး လေးဦးအထိ ရှိနေပါတယ်။
၂ဝ၂၃ ခုနှစ်အတွင်း ကုလသမဂ္ဂစာရင်းအရ ပဋိပက္ခဒေသတွေက အကြမ်းဖက်မှုတွေမှာ ကူညီကယ်ဆယ်ရေးလုပ်သားတွေ သေဆုံးရတဲ့ အဆိုးဝါးဆုံး ၁ဝ နိုင်ငံထဲမှာ မြန်မာ ပါဝင်ပါတယ်။