AA ဖမ်းဆီးထားတဲ့ ပါတီခေါင်းဆောင်နှစ်ဦးကို ပြန်လွှတ်ဖို့ AFP တောင်းဆို

ရခိုင့်ဦးဆောင်ပါတီ (AFP) ခေါင်းဆောင်နှစ်ဦးကို အမြန်ဆုံးလွှတ်ပေးဖို့ ရက္ခိုင့်တပ်တော် (AA) ကို AFP ပါတီက တောင်းဆိုလိုက်ပါတယ်။

ရခိုင့်ဦးဆောင်ပါတီ (AFP) ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇောဦး (ဝဲဘက်)နဲ့ ဗဟိုအကြံပေးအဖွဲ့ဝင် ဦးကျော်လွင်တို့အား တွေ့ရစဉ်။ Arakan Front Party

ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးထားတဲ့ ရခိုင့်ဦးဆောင်ပါတီ (AFP) ရဲ့ ပါတီခေါင်းဆောင် နှစ်ဦးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ စက်တင်ဘာ ၉ ရက်နေ့က AFP ပါတီက ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ရခိုင့်ဦးဆောင်ပါတီ (AFP) ရဲ့ ဒု-ဥက္ကဋ္ဌ ဦးကျော်ဇောဦးနဲ့ ဗဟိုအကြံပေးအဖွဲ့ဝင် ဦးကျော်လွင်တို့ကို လွှတ်ပေးဖို့ တောင်းဆိုတာပါ။

သူတို့နှစ်ဦး ဖမ်းဆီရခံထားရတာ တစ်နှစ်နီးပါးအထိ ရှိလာနေပြီး ဖမ်းဆီးထားချိန်ကစလို့ အခုအချိန်ထိ မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်မရကြသေးသလို အကြောင်းကြား ပြောဆိုတာလည်း မရှိသေးဘူးလို့ ဆိုပါတယ်။

သူတို့ဟာ ရခိုင်ပြည်နယ်နဲ့ ရခိုင်လူမျိုးကို သစ္စာမဲ့တဲ့လုပ်ရပ်မျိုး မလုပ်ခဲ့သလို ရခိုင်နိုင်ငံရေးလမ်းကြောင်း အားကောင်းစေရေး ကြိုးစားနေတဲ့ ရခိုင်နိုင်ငံရေး သမားနှစ်ဦးဖြစ်တယ်လို့လည်း AFP ပါတီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါကြောင့် ဦးကျော်ဇောဦးနဲ့ ဦးကျော်လွင်တို့ကို မိသားစုနဲ့ အမြန်ဆုံးတွေ့ဆုံခွင့်ရရှိရေး၊ ပါတီနဲ့ တွေ့ဆုံခွင့်ရရှိရေးနဲ့ ဖမ်းဆီးခေါ်ဆောင်ထားတာကနေ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကိုလည်း တောင်းဆိုထားပါတယ်။

ရက္ခိုင့်တပ်တော် (AA) ကတော့ ဦးကျော်လွင်ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၄ ရက်နေ့နဲ့ ဦးကျော်ဇောဦးကို နိုဝင်ဘာ ၂ ရက်နေ့မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး သူတို့ကို ရခိုင်ပြည်နယ် အတွင်းက စစ်ဒေသတစ်ခုမှာ ချုပ်နှောင်ထားတယ်လို့ AA ပြောခွင့်ရ ဦးခိုင်သုခက ပြောဆိုထားပါတယ်။

သူတို့ကို ဘာကြောင့် ဖမ်းဆီးထားတယ်ဆိုတာကိုတော့ ရက္ခိုင့်တပ်တော် (AA) က ပွင့်ပွင့်လင်းလင်း ပြောဆိုထားတာ မရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org