UEHRD ဒုဥက္ကဌနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေ တေ့ွဆုံ
ရခိုင်ပြည်နယ် ၁၇ မြို့နယ်က ဌာနေ တိုင်းရင်းသားတွေကို ဘူးသီးတောင်၊ မောင်တောဒေသမှာ တိုင်းရင်းသားကျေးရွာတွေ တိုးချဲ့ချထားပေးဖို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကို ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
-
2017-11-27 -
-
-
ရခိုင်ပြည်နယ် ၁၇ မြို့နယ်က ဌာနေ တိုင်းရင်းသားတွေကို ဘူးသီးတောင်၊ မောင်တောဒေသမှာ တိုင်းရင်းသား ကျေးရွာတွေ တိုးချဲ့ချထားပေးဖို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကို ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေ ပြည်နယ်လွှတ်တော် ဘက်စုံခန်းမ မှာ ဒီနေ့ ညနေပိုင်းက တွေ့ဆုံစဉ်မှာ တောင်းဆိုခဲ့တာလို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် က ပြောပါတယ်။
"ကျနော်တို့ အကြံပြုတင်ပြတာက ဒေသတွင်းမှာပေါ့နော်၊ ပြန်လည်နေရာချထားတဲ့အခါမှာ ကျနော်တို့ ရခိုင်ပြည်နယ် ၁၇ မြို့နယ်က ဌာနေတိုင်းရင်းသားများကို ဘူးသီးတောင်၊ မောင်တောဒေသမှာ တိုင်းရင်းသား ကျေးရွာတွေအထိ ပိုမိုချထားဖို့လည်း ကျနော်တို့ တောင်းဆိုကြတာတွေရှိပါတယ်"
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသတွေ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ပြည်နယ်လွှတ်တော်ကို ပွင့်လင်းမြင်သာစွာချပြပေးဖို့ တိုက်တွန်းကြောင်း အဆိုကို ဒီနေ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အခုလိုလာရောက်တွေ့ဆုံတာဟာ အဲဒီအဆိုနဲ့ ဆက်စပ်နိုင်တယ်လို့လည်း ဦးထွန်းသာစိန် က ပြောပါတယ်။
ဒီနေ့တွေ့ဆုံရာမှာလည်း ကိုယ်စားလှယ်တွေက ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပြည်နယ်လွှတ်တော်မှာ ပွင့်လင်းမြင်သာစွာချပြပေးဖို့ တောင်းဆိုရာမှာ အခါအားလျော်စွာ လာရောက်တင်ပြသွားမှာ ဖြစ်တယ်လို့ ဝန်ကြီးက ပြောသွားကြောင်းလည်း ကိုယ်စားလှယ်တွေက ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ရခိုင်ပြည်နယ် လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း UEHRD မှာ ဒေါက်တာဝင်းမြတ်အေးက ဒုတိယဥက္ကဌ အဖြစ်တာဝန်ယူဆောင်ရွက်နေတာ ဖြစ်ပါတယ်။