ဒုက္ခသည်များ ပြန်လည်နေရာချထားရေး လူတွေ့စစ်ဆေးမှု စတင်တော့မည်
အမေရိကန်ပြည်ထောင်စုရဲ့ ဒုက္ခသည်များ ပြန်လည်နေရာချထားရေး အစီအစဉ်အရ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၉ ခုက ဒုက္ခသည်တွေကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က ဟိုတယ်တစ်ခုမှာ လူတွေ့စစ်ဆေးမှုတွေ ဒီသီတင်းပတ်ထဲမှာ စတင်ပြုလုပ်မှာ ဖြစ်ပြီး အဲဒီမှာ လက်ဗွေနှိပ်တာတွေကိုပါ တခါတည်း ဆောင်ရွက်မယ်လို့ ဘန်ကောက်မြို့ အမေရိကန်သံရုံးရဲ့ ပြောဆိုချက်အရ သိရပါတယ်။
-
2012-08-31 -
-
-
ထိုင်း-မြန်မာနယ်စပ်မှ ၈ ကီလိုမီတာအကွာတွင် ၁၉၈၄ ခုနှစ်က စတင်ပြီး မြန်မာနိုင်ငံသား စစ်ပြေးဒုက္ခသည်များ အတွက် ဖွင့်လှစ်ထားသော မယ်လ ဒုက္ခသည်စခန်း ကို တွေ့ရစဉ်။
Photo courtesy of TBBC
အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို ၂၀၀၅ ခုနှစ်ကစပြီး အသုတ်လိုက် ခေါ်ယူနေရာမှာ အခုဆိုရင် အမေရိကန်နိုင်ငံမှာ မြန်မာနိုင်ငံသား ဒုက္ခသည် ခုနှစ်သောင်းလောက် ရှိသွားပြီလို့ ဘန်ကောက်မြို့ရှိ အမေရိကန်သံရုံး ပြောရေးဆိုခွင့်ရှိသူ Kristin Kneedler က အာအက်ဖ်အေရဲ့ ထိုင်းနိုင်ငံရုံးခွဲ တာဝန်ခံကို အတည်ပြု ပြောပါတယ်။
အမေရိကန်မှာ နေထိုင်ဖို့ ခေါ်ယူနေတဲ့ အစီအစဉ်မှာ ဒုက္ခသည်စခန်းတွေမှာ ရောက်ရှိခိုလှုံကြသူတွေအနက် လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးထားပြီး ဒုက္ခသည်အဖြစ် မှတ်ပုံတင် အသိအမှတ်ပြု ခံထားရသူတွေသာ အကြုံးဝင်တယ်လို့ ဆိုပါတယ်။